- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မုတ်သုံဆုတ်ခွာသည့်ကာလတွင် မိုးတိမ်တောင်အန္တရာယ် ဂရုပြုရန် မိုးဇလသတိပေး
လက်ရှိကာလတွင် မုတ်သုံသည် မြန်မာနိုင်ငံမှစတင်ဆုတ်ခွာစပြုနေပြီဖြစ်သဖြင့် မိုးတိမ်တောင်အန္တရာယ်ကို အထူးဂရုစိုက်ရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက DMG သို့ ပြောသည်။
04 Oct 2021
DMG ၊ အောက်တိုဘာ ၄
လက်ရှိကာလတွင် မုတ်သုံသည် မြန်မာနိုင်ငံမှစတင်ဆုတ်ခွာစပြုနေပြီဖြစ်သဖြင့် မိုးတိမ်တောင်အန္တရာယ်ကို အထူးဂရုစိုက်ရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက DMG သို့ ပြောသည်။
အနောက်တောင်မုတ်သုံလေသည် ယခုအောက်တိုဘာလ ပထမပတ်တွင် ရခိုင်ပြည်နယ်မှ ပြန်လည်ဆုတ်ခွာနိုင်ပြီး ထိုသို့ဆုတ်ခွာသည်နှင့်အမျှ မိုးတိမ်တောင်အန္တရာယ်ကို ဂရုပြုရန်လိုကြောင်း ၎င်းကဆိုသည်။
“မုတ်သုံလေပြန်ဆုတ်သွားပေမယ့် အရှေ့မြောက်မုတ်သုံလေ(ဆောင်းလေ)က ဝင်လာမယ်။ ဒါပေမယ့် ဒီလိုကာလတွေက နေပူလိုက်၊ မိုးရွာလိုက်ဆိုတဲ့ပုံစံမျိုးဖြစ်ပြီး နေပူတဲ့အချိန်မှာ အပူချိန်ကြောင့် လေထုက အပေါ်ကိုတက်ပြီးတော့ မိုးတိမ်တောင်တွေဖြစ်မှာပေါ့”ဟု ဦးလှထွန်းက ဆိုသည်။
ထိုသို့ မိုးတိမ်တောင်များကြောင့် လေပြင်းများတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ နေရာကွက်၍ မိုးသည်းထန်စွာရွာခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ဖြစ်ပွားနိုင်ကြောင်းကိုလည်း ၎င်းကဆိုသည်။
“မုတ်သုံအဝင်နဲ့အထွက်ကာလတွေမှာ မိုးတိမ်တောင်တွေကြောင့် မိုးကြိုးပစ်တာတွေများတဲ့အတွက် ဒီကာလကို ဂရုစိုက်သတိထားဖို့လိုမယ်”ဟု ၎င်းကဆက်ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လျှပ်စီးလက်ခြင်းများနှင့် မိုးကြိုးပစ်ခြင်းများဖြစ်ပွားခဲ့ပြီး သာသနိကအဆောက်အဦး၊ နေအိမ်နှင့် တိရိစ္ဆာန်အချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်တွင် မိုးကြိုးထိမှန်မှုကြောင့် ရှေးဟောင်းသမိုင်းဝင် စေတီတစ်ဆူဖြစ်သည့် ဟာရီတောင်စေတီတော်မှာ ၂ ပေခန့် ပြိုကျပျက်စီးမှုများဖြစ်ပွားခဲ့ကြောင်း မြောက်ဦးမြို့ဒေသခံ ကိုခိုင်မင်းသျှင်ကဆိုသည်။
“အဲဒီနေ့က မိုးလင်းအာရုံလောက်ကတည်းက မိုးကြိုးတွေ တောက်လျှောက်ပစ်ခဲ့တယ်။ နာရီဝက်လောက်ကြာအောင်အထိ မိုးကြိုးပစ်တာတွေရှိခဲ့တယ်”ဟု ၎င်းကဆိုသည်။
မိုးကြိုးပစ်ခံရသူ ၁၀ ရာခိုင်နှုန်းမှာသေဆုံးရပြီး ကျန် ၉၀ ရာခိုင်နှုန်းမှာ ပြင်းထန်ဒဏ်ရာများရရှိလေ့ရှိကာ မိုးကြိုးထိမှန်သည့် အမျိုးအစားအပေါ်မူတည်၍ အာရုံကြောပျက်စီးခြင်း၊ ကြွက်သားအားပျော့သွားခြင်း၊ မိုးကြိုးကြောင့် လွင့်စင်သွားပါက ဦးခေါင်းနှင့် ဝမ်းဗိုက်အတွင်းပိုင်းကြေသွားခြင်း၊ နားကန်းခြင်း၊ မျက်စိကွယ်ခြင်းနှင့် မှတ်ဉာဏ်ကျခြင်းများဖြစ်တတ်ကြောင်း ဆရာဝန်များကပြောဆိုထားသည်။
မိုးကြိုးပစ်ခံရပါက ထိုသူအား ချက်ချင်းရှေးဦးသူနာပြုစုမှု လုပ်ပေးကာ ဆေးရုံပို့ပေးသင့်ပြီး အသက်ရှူမရပ်အောင်နှင့် နှလုံးခုန်မရပ်အောင် ရင်ကိုဖိပေးခြင်း၊ အသက်ရှုလမ်းကြောင်း ပိတ်ဆို့မှုမရှိအောင်ရှင်းပေးခြင်းနှင့် လိုအပ်ပါက အောက်ဆီဂျင်ပေးခြင်းနှင့် နှလုံးစက်ရိုက်ခြင်းများလုပ်ပေးနိုင်ကြောင်း သိရသည်။
ထို့အပြင် မိုးကြိုးပစ်ခြင်းမှ ကာကွယ်ရန်အတွက် လျှပ်စီးလက်နေချိန်၌ အိမ်အပြင်မထွက်ပဲ အိမ်ထဲတွင်သာနေသင့်ပြီး အိမ်ထဲတွင်ရှိနေစဉ် လျှပ်စစ်စီးဝင်လာနိုင်သည့်လျှပ်စစ်မီးဖို၊ စတီးခွက်၊ သတ္တုပစ္စည်း၊ တယ်လီဖုန်းတို့နှင့် ဝေးရာမှာနေသင့်သည့်အပြင် လျှပ်စီးလက်ချိန် အိမ်ထဲတွင်ရေချိုးနေပါကလည်း ရေချိုးခန်းထဲမှချက်ချင်းထွက်သင့်ကာ အိမ်၊ ကျောင်းနှင့် အခြားအဆောက်အဦးများတွင် မိုးကြိုးလွှဲတပ်ထားခြင်းဖြင့်လည်း မိုးကြိုးအပစ်မခံရအောင် ကာကွယ်နိုင်ကြောင်း ပညာရှင်များကအကြံပြုထားသည်။
ထို့အပြင် မိုးကြိုးပစ်ချိန်တွင် ဆံပင်ထောင်လာပြီး၊ ကျက်သီးထလာပါက မိုးကြိုးပစ်ခံရနိုင်ခြေများသည့်အတွက် သတ္ထုပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် ဝေးရာတွင်ထိုင်ချလိုက်ပြီး ခေါင်းကို ဒူးခေါင်းနှစ်ခုကြားထားရှိကာ မြေကြီးနဲ့နီးနိုင်သမျှဝပ်နေသင့်ကြောင်းကိုလည်း ပညာရှင်များက အကြံပြုပြောဆိုထားသည်။