- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြန်မာမှ ထိုင်းနိုင်ငံသို့ စစ်ဘေးတိမ်းရှောင်နေသူများအတွက် နယ်စပ်ဖြတ်ကျော်ကူညီထောက်ပံ့ရန် ထိုင်းအစိုးရထံမှ ခွင့်ပြုချက်လိုအပ်နေ
မြန်မာနိုင်ငံအတွင်း တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ တိမ်းရှောင်သွားကြသည့် စစ်ဘေးရှောင်များကို မြန်မာနိုင်ငံနယ်စပ်မှဖြတ်ကျော်ပြီး ကယ်ဆယ်ရေးစခန်းများသို့ကူညီထောက်ပံ့ရန် ထိုင်းအာဏာပိုင်ထံမှ တရားဝင်ခွင့်ပြုပေးရန်လိုအပ်နေကြောင်း သိရသည်။
06 Jan 2022
DMG ၊ ဇန်နဝါရီ ၆
မြန်မာနိုင်ငံအတွင်း တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ တိမ်းရှောင်သွားကြသည့် စစ်ဘေးရှောင်များကို မြန်မာနိုင်ငံနယ်စပ်မှဖြတ်ကျော်ပြီး ကယ်ဆယ်ရေးစခန်းများသို့ကူညီထောက်ပံ့ရန် ထိုင်းအာဏာပိုင်ထံမှ တရားဝင်ခွင့်ပြုပေးရန်လိုအပ်နေကြောင်း သိရသည်။
ထိုင်းနိုင်ငံနယ်စပ်ရှိ သောင်ရင်းမြစ်ကမ်းအနီးတွင်ခိုလှုံနေသော မြန်မာစစ်ဘေးရှောင်တစ်ထောင်ကျော်အတွက် ကယ်ဆယ်ရေးပစ္စည်းများပေးပို့ခဲ့ရာမှာ ထိုင်းအာဏာပိုင်များမှ ခွင့်မပြုခဲ့သဖြင့် ပို့ဆောင်ပေးရန်ခက်ခဲနေပြီး ဒုက္ခသည်များအတွက် အမြန်ဆုံးအကူအညီပေးအပ်ရန်လိုအပ်နေကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)မှ တာဝန်ရှိသူတစ်ဦးက DMG ကိုပြောသည်။
“စစ်ဘေးရှောင်တွေအတွက် ကယ်ဆယ်ရေးပစ္စည်းသွားပို့တာက ထိုင်းဘက်အာဏာပိုင်တွေက စစ်ဘေးရှောင်စခန်းကို သယ်ခွင့်မပြုဘူးလို့ပိတ်ပင်ထားတယ်။ ဝင်ထွက်ပေါက်ဖြစ်တဲ့ မဲ့ထော်သလေးအပေါက်က လုံးဝပိတ်သွားတဲ့အတွက် တဖက်ကမ်းမှာ ဖြစ်သလိုနေထိုင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် အခက်အခဲတွေဖြစ်ကုန်တယ်ပေါ့နော်။ အဲဒါကြောင့် နယ်စပ်ထောက်ပံ့ရေး ကူညီမှုတွေကိုလုပ်ဆောင်ဖို့ ထိုင်းအာဏာပိုင်တွေအနေနဲ့ တရားဝင်ခွင့်ပြုဖို့လိုအပ်နေပါတယ်”ဟု ၎င်းမှပြောသည်။
ထိုင်း-မြန်မာနယ်စပ်အနီး သောင်ရင်းမြစ်ကမ်းနံဘေးတွင် လေးကေ့ကော်၊ မဲ့ထော်သလေး၊ ရသေ့ဂူ၊ ဖလူးကြီး၊ ဖလူးလေးနှင့် မဲ့သာခီးမှ စစ်ဘေးရှောင်ဦးရေတစ်ထောင်ကျော်မှာ အဆင်ပြေသလိုတိမ်းရှောင်နေထိုင်နေရပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မြန်မာစစ်ဘေးရှောင်စခန်း၌လည်း မြန်မာစစ်ဘေးရှောင်တစ်သောင်းကျော် ခိုလှုံလျက်ရှိနေသည်။
ထိုသို့တိမ်းရှောင်လာသည့်ဒေသခံစစ်ဘေးရှောင်များကို ထိုင်းအာဏာပိုင်များနှင့် ကူညီကယ်ဆယ်ရေး အဖွဲ့များမှ ထောက်ပံ့မှုများရှိနေပြီး လိုအပ်သည့်အကူအညီများပေးအပ်ရန်အတွက် ဆောင်ရွက်ထားကြောင်း မဲဆောက်သတင်းတွင် ဖော်ပြသည်။
စစ်ဘေးရှောင်များအတွက် လိုအပ်သည့်အကူအညီများကို ထိုင်းနိုင်ငံအတွင်းရှိသည့် မြန်မာများနှင့် ပြည်ပနိုင်ငံတွင်နေထိုင်သူများမှ ထောက်ပံ့ပေးအပ်နေသော်လည်း လက်ရှိအချိန်အထိ လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း စစ်ဘေးရှောင်များကူညီရေးအဖွဲ့(AACC)မှ ဆိုသည်။
“စစ်ဘေးရှောင်ဦးရေ များပြားလာတာနဲ့အမျှ အကူအညီကလည်းပိုမိုလိုအပ်နေတယ်။ လိုအပ်တဲ့အကူအညီတွေကို မဲဆောက်မှာနေတဲ့မြန်မာတွေရယ်၊ ပြည်ပကမြန်မာတွေရယ်ပေါ့။ နောက်ကရင်လူ့အခွင့်အရေးအဖွဲ့ကလည်း အဆင်ပြေသလိုကူညီမှုတွေလုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ အခက်အခဲတချို့တွေဖြစ်ပေါ်နေရတာတွေတော့ရှိပါတယ်”ဟု AACC မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြီးခဲ့သည့်ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာစစ်တပ်နှင့် ကေအန်ယူလက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ စစ်ဘေးရှောင်စခန်းသို့ မြန်မာစစ်တပ်မှပစ်ခတ်သည့် လက်နက်ကြီးကျရောက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်းသိရသည်။
ထို့အပြင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၅ ရက်မှ ၃၁ ရက်နေ့အထိဖြစ်ပွားခဲ့သော မြန်မာစစ်တပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြားတိုက်ပွဲအတွင်း မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိုင်းနယ်စပ်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၅ ဦးကျည်ထိမှန်ခဲ့ကာ တိုက်ပွဲသတင်းရယူနေသည့် ဖက်ဒရယ်ဂျာနယ်မှ အယ်ဒီတာအပါအဝင် လူငယ်သုံးဦး သေဆုံးခဲ့ကြောင်းလည်းသိရသည်။