TNLA ကို တိုက်ပွဲရပ်ခိုင်းသည့်ကိစ္စ တရုတ်က တိုက်ရိုက်မဖြေ

တရုတ်ဖိအားကြောင့် မြောက်ပိုင်းအဖွဲ့များ အပစ်ရပ်စဲခြင်းများမှာ ယခင်ကတည်းကလည်း ရှိခဲ့သော်လည်း ယခုတစ်ခါ အပစ်ရပ်ဖို့ တရုတ်က ပြောဆိုနေခြင်းမှာ မဖြစ်သင့်သည့် ကိစ္စဟု နိုင်ငံသမားများက ဝေဖန်သည်။

By Admin 31 Aug 2024

ဓာတ်ပုံ - TNLA Information Department
ဓာတ်ပုံ - TNLA Information Department

DMG ၊ ဩဂုတ် ၃၁

ရှမ်းပြည်မြောက်ပိုင်းဒေသတွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ဆင်နွှဲနေသည့် တအာင်းတပ် TNLA ကို တိုက်ပွဲများ ချက်ချင်းရပ်တန့်ပေးရန် တရုတ်အစိုးရက သတိပေးထားသည်။ ယင်းကိစ္စအပေါ် မြန်မာလူထုနှင့် နိုင်ငံတကာက စိတ်မြင့်စားမှုမြင့်တက်စေခဲ့ပြီး တရုတ်ဘက်က တိုက်ရိုက်မဖြေရဲပေ။

သတိပေးချက်အတိုင်း တိုက်ပွဲမရပ်လျှင်  အကျိုးဆက်အားလုံးကို TNLA က တာဝန်ယူရမည်ဟု တရုတ်နိုင်ငံ ရွှေလီမြို့ လုံခြုံရေးကော်မတီ၏ ဩဂုတ် ၂၉ ရက်စွဲဖြင့် ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။

ယင်းကိစ္စအပေါ် AFP သတင်းဌာန၏ မေးမြန်းချက်ကို တရုတ်သံရုံးက ထုတ်ပြန်ရာတွင် “တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခလှုပ်ရှားမှု အခြေအနေကို များစွာဂရုပြုပြီး ဆွေးနွေးရန်နဲ့ အပစ်အခတ်ရပ်စဲရန် လုပ်ငန်းအမြဲလုပ်ဆောင်နေပါတယ်” ဟု ဆိုသည်။

“တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်မှု လုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုထားသည်။

တရုတ်ဖိအားကြောင့် မြောက်ပိုင်းအဖွဲ့များ အပစ်ရပ်စဲခြင်းများမှာ ယခင်ကတည်းကလည်း ရှိခဲ့သော်လည်း ယခုတစ်ခါ အပစ်ရပ်ဖို့ တရုတ်က ပြောဆိုနေခြင်းမှာ မဖြစ်သင့်သည့် ကိစ္စဟု နိုင်ငံသမားများက ဝေဖန်သည်။

“တရုတ်ဖိအားကြောင့် ဟိုက်ဂင်သဘောတူညီချက်အရ အရင်ကာလကလည်း အပစ်ရပ်ခဲ့တာရှိတယ်။ အဲဒါက တစ်ပိုင်းပေါ့လေ။ အဲဒီတုန်းက လက်နက်ကိုင်နှစ်ဖက်လုံးကို ပြောခဲ့လို့ နှစ်ဖက်လုံးက ရပ်တာ။ အခုကျတော့ တစ်ဖက်တည်းကို ဖိအားပေး ခြိမ်းခြောက်တာဖြစ်နေတယ်။ ဆိုတော့ အရင်ကလည်း အပစ်ရပ်တယ်လို့ ကြေညာပြီးမှ စစ်ကောင်စီက လက်နက်ကြီးတွေ ဆက်လိုက်ပစ်နေလို့ ကတိကဝတ်ပျက်သွားတယ်။ ဒါတွေကိုလည်း ထည့်သွင်းစဉ်းစားရမယ် ” ဟု ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သည် ရှမ်းမြောက်ဒေသက မြို့ ၁၁ မြို့ကို သိမ်းပိုက်ထားပြီး ဆက်လက် ထိုးစစ်ဆင်နေသည်။