- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပြည်သူများ ခရီးသွားလာရာတွင် လိုက်နာရမည့်အချက်များကို AA အသိပေး
မြန်မာစစ်တပ်က ပြည်သူလူထုကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးမှု၊ စစ်ဆေးမှုများကိုပြုလုပ်နေသောကြောင့် ခရီးသွားလာရာတွင် ဂရုတစိုက်သွားလာကြရန် ရက္ခိုင့်တပ်တော်(AA)က ဇူလိုင်လ ၂၁ ရက်နေ့တွင် အသိပေးချက်ထုတ်ပြန်လိုက်သည်။
22 Jul 2022
DMG ၊ ဇူလိုင် ၂၂
မြန်မာစစ်တပ်က ပြည်သူလူထုကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးမှု၊ စစ်ဆေးမှုများကိုပြုလုပ်နေသောကြောင့် ခရီးသွားလာရာတွင် ဂရုတစိုက်သွားလာကြရန် ရက္ခိုင့်တပ်တော်(AA)က ဇူလိုင်လ ၂၁ ရက်နေ့တွင် အသိပေးချက်ထုတ်ပြန်လိုက်သည်။
ရခိုင်ဒေသအတွင်း၌ မြန်မာစစ်တပ်က ကုန်းလမ်း၊ရေလမ်းများတွင် စစ်ဆေးရေးဂိတ်များဖွင့်လှစ်ကာ ခရီးသွားပြည်သူများ၏ ဖုန်း၊ဆိုင်ကယ်၊ ကားများကို အကြောင်းအမျိုးမျိုးပြ စစ်ဆေးမှုများပြုလုပ်ပြီး လူဖမ်းပွဲကျင်းပလျက်ရှိသကဲ့သို့ ညအချိန်များတွင်လည်း အပြစ်မဲ့အရပ်သားများကို အပြစ်မရှိအပြစ်ရှာကာ ဖမ်းဆီးခြင်းများပြုလုပ်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင်ဆိုထားသည်။
ထို့ပြင် မြန်မာစစ်တပ်က ပြည်သူများပိုင်ဆိုင်သော ကွန်ပျူတာ၊ ဖုန်း စသည့်ဆက်သွယ်ရေးကိရိယာများကို သိမ်းယူပြီး ရက္ခိုင်အမျိုးသားအောင်လံ ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည့်ပုံများကို မရမက ရှာဖွေခြင်းများပြုလုပ်နေသည်ဟုလည်း ဆိုသည်။
အလားတူ ပြည်သူများအသုံးပြုသည့် Facebook၊ Twitter အစရှိသော ဆိုရှယ်မီဒီယာစာမျက်နှာများတွင် စစ်ကောင်စီအား တိုက်ခိုက်ရေးသားထားသည့် ပို့စ်များနှင့် ယင်းကဲ့သို့ပိုစ့်များအား Share ထားမှုများကို ပစ်မှတ်ထားစစ်ဆေးခြင်း၊ Messenger, Viber, Telegram, Signal များ၌ အပြန်အလှန် ပေးပို့ထားသောစာတိုများ၊ ဓာတ်ပုံ၊ ရုပ်သံဖိုင်များကို အလေးထားစစ်ဆေးခြင်းများလည်း ပြုလုပ်နေသည်ဟုဆိုသည်။
ထို့ပြင် လူနေအိမ်များသို့လည်း အချိန်မရွေး စီးနင်းဝင်ရောက်ပြီးတစ်အိမ်လုံးမွှေနှောက်ကာ ၎င်းတို့မလိုလားသည့် စာအုပ်စာတမ်းများ၊ အမှတ်အသားသင်္ကေတများကို တစိုက်မတ်မတ်ရှာဖွေစစ်ဆေးပြီး အပြစ်မဲ့ပြည်သူများကို ဥပဒေမဲ့ဖမ်းဆီး၍ ပြင်းထန်သောပြစ်ဒဏ်များကို လူမဆန်စွာချမှတ်လျက်ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ခရီးသွားပြည်သူများအနေဖြင့် ယခုရက်ပိုင်းအတွင်း နာရေး၊ ကျန်းမာရေး၊ သေရေးရှင်ရေးကိစ္စများမှလွဲ၍ မလွဲမရှောင်သာသည့် အခြေအနေများတွင်သာ ခရီးသွားလာကြရန်၊ မတတ်သာ၍ ခရီးသွားလာရမည်ဆိုလျှင်လည်း ကွန်ပျူတာ၊ ဖုန်း စသည့် ဆက်သွယ်ရေးကိရိယာများကို စနစ်တကျရှင်းလင်းပြီးမှ သွားလာကြရန်နှင့် ညအချိန်များတွင်လည်း လုံခြုံရေးသတိဖြင့် အိပ်စက်ပြီး စစ်ကောင်စီမှ ဖမ်းဆီးတရားစွဲတင်နိုင်လောက်သည့် အထောက်အထားဖြစ်စေမည့် စာအုပ်စာတမ်းများ၊ အမှတ်အသား သင်္ကေတများထားရှိမှုကို အထူးသတိပြုရန်လည်း တိုက်တွန်းထားသည်။
ULA/AA ၏ ယခုထုတ်ပြန်ချက်သည် အရေးကြီး၍ ထုတ်ပြန်ခြင်းဖြစ်သောကြောင့် ပြည်သူများအနေဖြင့် လိုက်နာရန်လိုအပ်သည်ဟု ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေကပြောသည်။
“ပြည်သူလူထူတွေအနေနဲ့ ULA/AA က ထုတ်ပြန်ထားတဲ့ အချက်တွေကို လိုက်နာဖို့လိုအပ်တယ်။ နောက်တစ်ခုက စစ်တပ်ဘက်ကနေ ပြည်သူလူထုတွေကို ခြိမ်းခြောက်မှုတွေကို လုပ်သလို တစ်ဖက်ကပိတ်ဆို့မှုတွေလုပ်တယ်။ စီးပွားရေးပိတ်ဆို့မှုတွေ၊ လှုမှုရေးပိတ်ဆို့မှုတွေ၊ ခရီးသွားလာခွင့်တွေကိုလည်း အများကြီးကန့်သတ်ထားကြတယ်။ ဒီဟာက အများကြီးအကျပ်ရိုက်နေအောင် တမင်တကာလုပ်နေတာဖြစ်တယ်“ဟု ၎င်းကဆိုသည်။
ရခိုင်ဒေသအတွင်း၌ မြန်မာစစ်တပ်က စစ်ရေးလှုပ်ရှားမှု၊ စစ်ရေးပြင်ဆင်မှုများကို ဆက်တိုက်လုပ်ဆောင်နေသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်၍ ပြည်သူများအနေဖြင့် သတိထားသွားလာကြရန်နှင့် စစ်ရေးသတိရှိကြရန်လည်း AA က ဇူလိုင်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အခြားတစ်ဖက်တွင် စစ်ကောင်စီသည် အရပ်သားပြည်သူလူထုများကို ညအချိန်များ၌ ဝင်ရောက်ဖမ်းဆီးခြင်း၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးခြင်း၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် တရားရုံး၊ တရားရေးဝန်ထမ်းများကို အနှောင့်အယှက်ပေးခြင်း၊ ဖမ်းဆီးရန်ကြိုးစားဆောင်ရွက်ခြင်းများပြုလုပ်နေသည်ဟုလည်း AA က ဆိုသည်။
ထို့ပြင် ပြည်သူလူထုများအပေါ်စိုးရိမ်မှုများ ဆက်တိုက်ပေးနေခြင်း၊ လက်နက်ကြီးများဖြင့် ခြိမ်းခြောက်နေခြင်း၊ ပြည်သူလူထုကို ပြန်ပေးဆွဲထားသကဲ့သို့ ပြုလုပ်ထားခြင်း စသည့်အချက်များအပြင် တိုက်ပွဲဖြစ်ပွားလိုသောရန်စမှု၊ ရန်လိုသောအပြုအမူများကို ဆက်လက်ပြုလုပ်နေသောကြောင့် ဒေသအတွင်းတိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်သည် ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့က မောင်တောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ သုံ့ပန်း ၁၄ ဦးကို လက်ရဖမ်းဆီးရမိခဲ့ပြီး RPG 7၊ ပီစတို(၂) လက်၊ စက်လတ်(၁)လက်၊ G3၊ G4 အပါအဝင် လက်နက်စုစုပေါင်း(၂၅)လက်၊ ခဲယမ်းအများအပြား၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။