ပလက်ဝ- ကျောက်တော် စက်လှေခများ မြင့်တက်နေသဖြင့် ဒေသခံများအခက်တွေ့နေ

ချင်းပြည်နယ် ပလက်ဝမြို့မှ ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ သွားလာနေသည့်စက်လှေခဈေးနှုန်းများ အဆမတန်မြင့်တက်နေမှုကြောင့် ပလက်ဝဒေသခံများမှာ စီးပွားရေး၊ လူမှုှရေးကဏ္ဍတို့၌ များစွာအခက်အခဲဖြစ်နေရကြောင်း သိရသည်။

20 May 2022

DMG ၊ မေ ၂၀

ချင်းပြည်နယ် ပလက်ဝမြို့မှ ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ သွားလာနေသည့်စက်လှေခဈေးနှုန်းများ အဆမတန်မြင့်တက်နေမှုကြောင့် ပလက်ဝဒေသခံများမှာ စီးပွားရေး၊ လူမှုှရေးကဏ္ဍတို့၌ များစွာအခက်အခဲဖြစ်နေရကြောင်း သိရသည်။

ကုန်ခဲ့သည့်နှစ်များက ပလက်ဝ-ကျောက်တော် စက်လှေခနှုန်းထားမှာ လူတစ်ဦးလျှင် ၃၀၀၀ ကျပ်ရှိခဲ့ရာ ယခုအခါ ၂၅၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်နေသည်ဟု ပလက်ဝဒေသခံများကဆိုသည်။

“ပလက်ဝက ခရီးသည်တွေ၊ လက်လုပ်လက်စားလူတွေ၊ ကျန်းမာရေးအရ အရေးပေါ်နဲ့သွားမယ့်လူတွေဆိုရင် အခက်အခဲတွေ အများကြီးရှိကြတယ်။ ကျောက်တော်ကို ကျန်းမာရေးကိစ္စနဲ့သွားမယ်ဆိုရင် လူနှစ်ယောက်ဆိုရင် စက်လှေခသီးသန့် အသွားအပြန်တစ်သိန်းကုန်သွားပြီလေ”ဟု ပလက်ဝမှ ဈေးဆိုင်ရောင်းချသည် ဦးစောလှက DMG သို့ပြောသည်။

ထိုသို့စက်လှေခနှုန်းထားများမြင့်တက်နေခြင်းမှာ ဆီဈေးမြင့်တက်ခြင်း၊ စက်လှေများသွားလာရန် ခွင့်ပြုချက် တင်ရခြင်း၊ စစ်ဆေးရေးဂိတ်များပြားခြင်းတို့ကြောင့်ဖြစ်သည်ဟု ပလက်ဝဒေသခံများကဆိုသည်။

ပလက်ဝမှ ခရီးသည်တင်စက်လှေများမှာ ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာအထိသာ ပြေးဆွဲခွင့်ရကြပြီး ထိုခရီးအတွက် လူတစ်ဦးလျှင် ငွေ ၂၅၀၀၀ ကျပ်ပေးကြရသည်။ ထိုရွှေပြည်ကျေးရွာမှတစ်ဆင့် ကျောက်တော်မြို့ပေါ်သို့ ကားဖြင့်တစ်ဆင့်သွားရကာ ငွေ ၅၀၀၀ ကျပ်ပေးနေရသဖြင့် ပလက်ဝ-ကျောက်တော် အသွားခရီးအတွက် ငွေ ၃၀၀၀၀ ကျပ်အထိကုန်ကျကြောင်း သိရသည်။

ထိုသို့ကုန်ကျစရိတ်ကြီးမားစွာ သွားလာနေရခြင်း၏အကျိုးဆက်အဖြစ် ပလက်ဝမြို့တွင် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာနေပြီး ကျန်းမာရေးအတွက် သွားလာရန်မှာလည်း အခက်အခဲများဖြစ်လာရသည်ဟု ပလက်ဝဒေသခံများကပြောသည်။

“ကုန်ဈေးနှုန်းကတော့ နှစ်ဆလောက်မြင့်သွားမှာပဲလေ။ လူတွေအားလုံးကတော့ အခက်အခဲပေါ့။ မသွားနိုင်ရင်မသွားနဲ့ အဲလိုဖြစ်နေကြပြီလေ။ ကျန်းမာရေးကြောင့်နဲ့မသွားနိုင်ရင် ပလက်ဝမှာပဲ ဆေးရုံတင်။ မကောင်းရင်သေ အဲလိုပါပဲဘဝတွေက။ ကုန်ဈေးနှုန်းတွေလည်း ဝယ်စားနိုင်ရင်စား၊ မစားနိုင်ရင်မစားနဲ့ ဒီလိုဖြစ်နေကြပါပြီ”ဟု ပလက်ဝမှ ကျောက်တော်သို့ အမြဲတမ်းသွားလာနေသည့် ကုန်သည်တစ်ဦးက ပြောသည်။

လက်ရှိ ပလက်ဝမြို့နယ်တွင် ဓာတ်ဆီတစ်လီတာလျှင် ငွေကျပ် ၃၅၀၀ အထိမြင့်တက်နေပြီး ဆန်နှင့် အခြားကုန်ပစ္စည်းများမှာလည်း ဈေးနှုန်းမြင့်တက်လျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ၏အစီအစဉ်ဖြင့် ပြေးဆွဲပေးနေသည့် ကျောက်တော်-ပလက်ဝ ရေနယားဇက်ရေယာဉ်မှာလည်း တစ်ပတ်တွင် တစ်ကြိမ်သာပြေးဆွဲပေးနေကာ လူဦးရေ ၁၀၀ သာ လိုက်ပါစီးနင်းနိုင်သည်။ ထို့အပြင် ဆန်၊ ဘိလပ်မြေ၊ လောင်စာဆီနှင့် သံထည်ပစ္စည်းတို့ကို ရေယာဉ်ပေါ်တွင် အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ပြုထားသည်။

ကျောက်တော်-ပလက်ဝပြေးဆွဲနေသည့် ဇက်ရေယာဉ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် စတင်ပြေးဆွဲခဲ့ပြီး ခရီးသည်တစ်ဦးလျှင် ငွေ ၁၈၀၀ ကျပ်နှင့် ကုန်တစ်တန်လျှင် ၁၁၂၀၀ ကျပ် ကောက်ခံကြောင်း သိရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှဒေသခံများမှာ ဆန်၊ ဆီ၊ ဆားအပါအဝင် ကုန်ပစ္စည်းများကို ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ အဓိက လာရောက်ဝယ်ယူနေရခြင်းဖြစ်သည်။