စစ်ကောင်စီလက်ချက်ကြောင့် သံတွဲနှင့် ကျောက်ဖြူတွင် အရပ်သားနှစ်ဦးသေဆုံး၊ သုံးဦးထက်မနည်း ဒဏ်ရာရ 

သံတွဲအကျဉ်းထောင်၌ အခြေစိုက်သော စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်မှာ ကျောက်ဆိပ်ကျေးရွာတွင် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး သုံးဦးထက်မနည်း ဒဏ်ရာရရှိသွားသည်။ 

By Admin 11 Jul 2024

စနဲမြို့ဈေးတန်းကို မေလ ၈ ရက်က ဒရုန်းဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံတစ်ခု။ ဓာတ်ပုံ - Khant Min Kyaw
စနဲမြို့ဈေးတန်းကို မေလ ၈ ရက်က ဒရုန်းဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံတစ်ခု။ ဓာတ်ပုံ - Khant Min Kyaw

DMG ၊ ဇူလိုင် ၁၁

ရခိုင်ပြည်၊ သံတွဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တွင် ဇူလိုင်လ ၁၀ ရက်က စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး၊ သုံးဦးထက်နည်း ထိခိုက်ဒဏ်ရာရရှိသွာကြောင်း သိရသည်။ 

သံတွဲအကျဉ်းထောင်၌ အခြေစိုက်သော စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်မှာ သံတွဲမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာတွင် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး သုံးဦးထက်မနည်း ဒဏ်ရာရရှိသွားသည်။ 

“ကျောက်ဆိပ်မှာ ဘာတိုက်ပွဲမှဖြစ်တာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်တာ။ တစ်ယောက်သေတယ်၊ ဒဏ်ရာရသူကတော့ သုံးယောက်အထက်ရှိမယ်၊ ဆက်သွယ်ရေးအခက်အခဲရှိလို့ လောလောဆယ် အဲလောက်ပဲ ပြောလို့ရမယ်” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။ 

သံတွဲတွင် ငပလီအခြေစိုက် ခလရ (၅၅) တပ်ရင်းကို AA က အရှိန်မြှင့်ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်းထန်နေသည်။ 

ပြီးခဲ့သည့် ဇူလိုင် ၇ ရက်ကလည်း သံတွဲအကျဉ်းထောင်ရှိ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားနေရာများနှင့် အရပ်သားနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ 

“စစ်ကောင်စီဖက်က လေကြောင်းပစ်ကူ၊ ရေကြောင်းပစ်ကူတွေနဲ့ အပြင်းအထန်ခုခံနေတယ်။ လက်နက်ကြီးပစ်ကူကတော့ တိုက်ပွဲဖြစ်ပွားတဲ့နေရာရော၊ တိုက်ပွဲမဖြစ်တဲ့နေရာရော အကုန်ပစ်နေတာ” ဟု သံတွဲဒေသခံနောက်တစ်ဦးက ပြောထားသည်။

DMG စာရင်းအရ သံတွဲတိုက်ပွဲနှစ်လကျော်အတွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးဒဏ်ရာရရှိသူ ၁၄၀ နီးပါးရှိနေသည်။ 

ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီး စံပယ်ချောင်းကျေးရွာကိုလည်း စစ်ကောင်စီက ဇူလိုင် ၁၀ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦး သေဆုံးသွားခဲ့သည်။  

စနဲမြို့အနီးနားတွင် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ အရပ်သားနေထိုင်ရာကို လာရောက်ဗုံးကြဲသွားခြင်းဟု ဒေသခံများက ပြောသည်။  

“ဗုံးသီးတစ်လုံးက ရွာထဲမှာကျတဲ့အတွက် ယောကျ်ားတစ်ယောက် သေဆုံးသွားတာ။ နေအိမ်လေးဆောင်လည်း မီးလောင်ပြာကျသွားတယ်” ဟု စနဲဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း စနဲမြို့နှင့် အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်တိုင်ပြုလုပ်ခဲ့၍ အရပ်သားတစ်ဦးသေဆုံးကာ ဈေးဆိုင်ခန်း ၇ ခန်း မီးလောင်ပျက်စီးခဲ့ရသည်။ 

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ကောင်စီက အရပ်သားနေထိုင်ရာများကို လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှု ပြုလုပ်လျက်ရှိသည်။ 

DMG စာရင်းအရ ရခိုင်ပြည်တွင် ပြီးခဲ့သည့် ဇွန်လအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲမှု၊ မြေမြှုပ်မိုင်းနှင့် စစ်ကြောအတွင်း နှိပ်စက်ခံရမှုများကြောင့် အရပ်သားသေဆုံးဒဏ်ရာသူ ၁၃၆ ဦးအထိရှိခဲ့သည်။ 

ဗီဒီယိုများ