ရခိုင်တွင် စားသုံးဆီဈေးများ နှစ်ဆအထိမြင့်တက်

ရခိုင်ပြည်အတွင်းတွင် စားသုံးဆီဈေးနှုန်းမှာ နှစ်ဆခန့်မြင့်တက်လျက်ရှိနေသည့်အတွက် ဆီရောင်းချသူတို့နှင့် ဝယ်ယူစားသောက်သုံးသူတို့မှာ အခက်အခဲများစွာရှိကြောင်း သိရသည်။

09 Mar 2022

DMG ၊ မတ်လ ၉

ရခိုင်ပြည်အတွင်းတွင် စားသုံးဆီဈေးနှုန်းမှာ နှစ်ဆခန့်မြင့်တက်လျက်ရှိနေသည့်အတွက် ဆီရောင်းချသူတို့နှင့် ဝယ်ယူစားသောက်သုံးသူတို့မှာ အခက်အခဲများစွာရှိကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်တွင် ဆီတပိဿာကို (၂၄၀၀)ကျပ် ဈေးနှုန်းမှစတင်ကာ တရိပ်ရိပ်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ယခင်ဖေဖော်ဝါရီလက စားအုန်းဆီတစ်ပိဿာကို (၄၆၀၀)ကျပ်ရှိရာကနေ ယခုမတ်လတွင် တစ်ပိဿာကို ငွေကျပ်(၈၅၀၀)အထိရှိလာကြောင်း စစ်တွေမြို့ မင်းဂံရပ်ကွက်မှ ကုန်စုံဆိုင်ရောင်းချနေသူ မခင်မေက DMG ကိုပြောသည်။

“စားအုန်းဆီက ဈေးတက်တယ်ဆိုကတည်းက တရိပ်ရိပ်တက်သွားတာ၊ လုံးဝမကျတော့ဘူး။ Good Choice (ရယ်ဒီမိတ်ဆီ)တွေကအစ ဆီတွေအားလုံးဈေးတက်တယ်။ Good Choice တွေက အရင်ကတစ်ဗူးကို ၂၂၀၀ ကျပ်ကို အခု ၄၇၀၀ နဲ့ရောင်းရတယ်။ ဒါကြောင့် အရောင်းအဝယ်တွေက အရင်ထက်တော့ပါးသွားတယ်”ဟု မခင်မေကပြောသည်။

ရခိုင်ပြည်နယ်တွင် ပြည်သူတို့စားသုံးနေကြသည့်ဆီတို့မှာ စားအုန်းဆီ၊ မုန်ညင်းဆီ၊ အသီးအနှံဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီ၊ မြေပဲဆီပုလင်း၊ နှမ်းဆီ စသည်တို့ဖြစ်ပြီး အားလုံးမှာဈေးနှုန်းမြင့်တက်နေခြင်းလည်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆီဈေးမြင့်တက်လာခြင်းမှာ လက်ရှိတွင် ပြည်မမှ ဆီကုန်သည်တို့မှာ လက်ဝယ်တွင်ရှိသည့်ဆီတို့ကို အရောင်းပိတ်ထားခြင်းတို့ရှိနေသည့်အတွက် ရခိုင်တွင် ပိုပြီးဈေးတက်ရခြင်းဖြစ်ကြောင်း စစ်တွေမြို့မှ စားသုံးဆီရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦးက DMG သို့ပြောသည်။

“ကျနော်တို့ကတာ့ ရန်ကုန်ကတစ်ဆင့်ဝယ်တယ်။ ရန်ကုန်မှာ မနေ့ကဖွင့်တဲ့ဈေးကတော့ စားသုံးဆီတစ်ပိဿာ ဈေးနှုန်း (၇၉၀၀)ကျပ်ပါ။ စစ်တွေမှာဆိုရင်တော့ (၈၂၀၀)ကျပ်နဲ့ရောင်းတယ်။ စားသုံးဆီ‌တွေက အခုဝယ်လို့လည်းမရဘူး။ အရောင်းပိတ်ထားတယ်။ ပစ္စည်းနည်းလို့ဆိုပြီးပြောကြတယ်။ စစ်တွေမှာ ဆိုရင်လည်း အရောင်းဆိုင်ဖွင့်တဲ့သူဖွင့်တယ်။ မဖွင့်တဲ့သူမဖွင့်ဘူး။ ဈေးများ‌တော့ လူတွေကမဝယ်နိုင်ကြတော့ဘူးလေ”ဟု စစ်တွေမြို့မှ ဆီကုန်သည်တစ်ဦးကရှင်းပြသည်။

ယခုကဲ့သို့ စားသုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းကြောင့် စားသုံးသူတို့မှာ ဆီကိုယခင်ထက်ချွေတာသုံးစွဲနေရပြီး တခြားသော အိမ်အသုံးစရိတ်တို့ကိုပါ အဆင်ပြေနိုင်ရေးအတွက် အကျပ်အတည်းမျိုးစုံနှင့် ကြုံနေရကြောင်းလည်း စစ်တွေမြို့၊ မင်ဂံရပ်ကွက်မှ ဒေါ်သိန်းမေက DMG သို့ပြောသည်။

“ဆီဝယ်ရတဲ့နေ့တွေဆိုရင် ပိုက်ဆံတစ်သောင်းနဲ့တောင်မလောက်ဘူး။ ဆီတစ်ဘူးသုံးလေးထောင်နဲ့ တစ်ပတ်တောင်မသုံးရဘူး။ အသားငါးရော ဟင်းရောဝယ်လိုက်ရင် ပိုက်ဆံတစ်သောင်း ကျော်လောက်ကုန်တယ်။ ကုန်ဈေးနှုန်းက အကုန်ဈေးတက်နေတာ။ ဈေးမတက်တာဆိုလို့ လခပဲရှိတယ်”ဟု သူမကပြောသည်။

ယင်းအပြင် ဆီးဈေးကွက် မြင့်တက်မှု၏ အကျိုးဆက်အဖြစ် ထမင်းဆိုင်ရောင်းချသူတို့မှာလည်း အရင်းအနှီးစိုက်ထည့်ရမှု ငွေကြေးကုန်ကျခြင်းတို့ များနေသည့်အတွက် လက်ရှိတွင် စီးပွားရေး အဆင်မပြေဖြစ်နေကြသည်။

“ကျမတို့မှာအရင်လိုအမြတ်မရှိတော့ အရင်လိုလည်း အဆင်မပြေတော့ဘူး။ အရင်ဈေးသွားဝယ်ရင် တစ်ရက်ကိုတစ်သိန်းနဲ့ရတယ်။ အခုက တစ်သိန်းငါးသောင်းလောက်ကုန်တယ်။ ရောင်းရတဲ့ အခါ အရင်ကလည်း ငါးတစ်ပွဲတစ်ထောင်။ အခုလည်းတစ်ထောင်ပဲ။ လျှပ်စစ်မီးလည်းပုံမှန်မရတော့ မီးသွေးနဲ့ချက်ရတယ်။ မီးသွေးတွေကလည်း ဈေးတက်တယ်။ အကုန်လုံးကဈေးတက်နေတော့ အခက်အခဲဖြစ်တယ်။ လုံးဝအဆင်မပြေဘူး”ဟု စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်မှ ထမင်းဆိုင်ရောင်းသူ ဒေါ်အေးသန်းရွှေ DMG သို့ပြောသည်။

ရခိုင်တွင် သုံးစွဲနေရသည့်ဆီများမှာ နိုင်ငံခြားကနေ ပြည်မမှတဆင့်ခံတင်သွင်းနေရသည့်အတွက် ရခိုင်စားသုံးဆီဈေးကွက် ဈေးနှုန်းတည်ငြိမ်ရေးကိုထိန်းချုပ်ရန် အခက်အခဲရှိကြောင်းလည်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ ဦးတင်အောင်ဦးကပြောသည်။

“စားသုံးဆီဈေးကတော့ ရန်ကုန်ကဈေးတက်လို့ ဒီမှာတက်တာပါ။ စားသုံးဆီက ပြည်ပကသွင်းရတာလေ ရခိုင်ပြည်က တိုက်ရိုက်သွင်းရတာမဟုတ်ဆိုတော့၊ အဓိက ရန်ကုန်ကိုအခြေခံတယ်ပေါ့။ ရန်ကုန်ကဈေးတက်တယ်ဆိုရင်တော့ တစ်နိုင်ငံလုံးတက်တဲ့ အနေအထားတော့ရှိတယ်။ တစ်နိုင်ငံလုံးဈေးတက်နေတာဆိုတော့ ရခိုင်ပြည်အတွက်ပဲ ဈေးကွက်ထိန်းညှိလို့မရဘူး”ဟု ဦးတင်အောင်ဦးကပြောသည်။

ယင်းအပြင် မြန်မာနိုင်ငံမှ ပြည်သူတို့စားသုံးရန်အတွက် စားအုန်းဆီများကို တခြားနိုင်ငံမှဝယ်ယူရသလို လက်ရှိတွင် မလေးရှားနိုင်ငံမှ တင်သွင်းနေကြောင်းလည်း ရခိုင်စီးပွားရေးလုပ်ငန်းရှင်တို့ ထံမှ သိရသည်။