မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၈ သိန်းခွဲကျော် ရှိလာကြောင်း UNOCHA ပြော

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး တစ်နှစ်ခွဲကာလအတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူ (၈)သိန်းခွဲ ကျော်အထိရှိလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က ထုတ်ပြန်ထားသည်။

30 Jul 2022

ဓာတ်ပုံ- UNOCHA

DMG ၊ ဇူလိုင် ၃၀

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး တစ်နှစ်ခွဲကာလအတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူ (၈)သိန်းခွဲ ကျော်အထိရှိလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က ထုတ်ပြန်ထားသည်။

UNOCHA ၏ ဇူလိုင်လ ၂၇ ရက်နေ့ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့အထိ မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များအကြား စစ်ရေးပဋိပက္ခများအပြင် နေထိုင်ရန် မလုံခြုံမှုများကြောင့် တိုင်းနှင့်ပြည်နယ် ဒေသအနှံ့အပြား၌ နေရပ်စွန့်ခွာရွှေ့ပြောင်းရသူဦးရေ (၈၅၇,၉၀၀)ဦးအထိ ရှိလာကြောင်း ဆိုသည်။

ယခု ဇူလိုင်လအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုကြောင့် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အခြေအနေတင်းမာနေပြီး ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်သူများမှာ လူသားချင်းစာနာမှုလိုအပ်ချက်များ ဆက်လက်မြင့်တက်လျက်ရှိနေကြောင်းလည်း UNOCHA က အသိပေး ထားသည်။

ထို့အပြင် ပြီးခဲ့သည့် နှစ်လနီးပါးက နိုင်ငံအနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသဖြစ်သည့် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာ(၁၂)ရွာမှ လူပေါင်း (၅,၄၀၀) ကျော်၊ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ်တွင် လူ(၃,၀၀၀)ကျော်၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ရသေ့တောင်မြို့နယ်တွင် ဇွန်လမှစတင်ပြီး ယခုဇူလိုင်လ နောက်ဆုံးသီတင်းပတ်အထိ မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ဒေသတွင်း မတည်ငြိမ်ဖြစ်နေပြီး နေရပ်စွန့်ခွာရွှေ့ပြောင်းအခြေချမှုများရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ထို့အတူ နိုင်ငံအနှံ့အပြားတွင် လက်နက်ကိုင်အဖွဲ့တို့မှာ စစ်ရေးလှုပ်ရှားမှုများရှိနေသဖြင့် ပဋိပက္ခများ ပိုပြီးပြင်းထန်လာမည့် အခြေအနေများကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များမှာလည်း ထပ်မံတိုးလာနိုင်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုရဲမင်းကဆိုသည်။

“ဆက်ပြီး တိုက်ပွဲတွေ ပိုပြင်းထန်လာမယ်ဆိုတာ ကျိန်းသေတယ်။ ဒါကြောင့် စစ်ရဲ့အနိဌာရုံတွေ ပိုများလာမယ်။ ပိုပြီး စစ်ဘေး ဒုက္ခသည်တွေတိုးလာပါမယ်”ဟု ကိုရဲမင်းမှဆိုသည်။

ထို့အပြင် နှစ်ဖက်စစ်ရေးပဋိပက္ခများ ဖြစ်ပေါ်နေမှုကြောင့် ပြည်တွင်း နေရပ်စွန့်ခွာတိမ်းရှောင်လာသူများမှာ နေထိုင်စရာ၊ စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ဆေးဝါးများ လုံလောက်စွာမရရှိမှုကြောင့် နောက်ဆက်တွဲ ကူးစက်ရောဂါများ ဖြစ်ပွားလာမှုကိုလည်း ရင်ဆိုင်ရနိုင်ပြီး စိုးရိမ်ရဖွယ်ရှိကြောင်းလည်း လူ့အခွင့်အရေးလှုပ်ရှားသူများက ထောက်ပြထားသည်။

“စစ်ကောင်စီတပ်နဲ့ EAO ပူးပေါင်းအဖွဲ့ နှစ်ဖက်စစ်ရေးက အရင်ထက်ပိုတင်းမာလာတယ်။ အဲဒီအတွက် စစ်ရေးပဋိပက္ခတွေက ပိုပြီးဖြစ်လာနေပြီ။ ပြီးတော့ ဆေးဝါး၊ စားနပ်ရိက္ခာပြတ်လပ်မှုတွေ သောက်သုံးရေမရရှိတာတွေ နောက်ဆက်တွဲ ကူးစက် ရောဂါတွေကြောင့် အင်မတန်စိုးရိမ်ရမယ့်အခြေအနေတွေ ထပ် ပေါ်လာမယ်”ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကိုဇင်က ထောက်ပြသည်။

တိုက်ပွဲများမှာ ယခင်ထက်ပိုမိုဖြစ်လာပြီး ကုလသမဂ္ဂအဖွဲ့အပါအဝင် အခြားပြည်ပ INGO အဖွဲ့အစည်းများအပေါ် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများအတွက် အရေးပေါ်အကူအညီများ တောင်းခံရာတွင် စစ်ကောင်စီတပ်သားအချို့မှ အသွားအလာ ကန့်သတ်နေမှုကြောင့် အခက်အခဲပိုမိုဖြစ်ပေါ်နေရကြောင်း စစ်ရှောင်များကို ကူညီလုပ်ဆောင်ပေးနေသူများက ပြောဆိုသည်။

“အခု တိုက်ပွဲတွေပြန်စိပ်လာတဲ့အတွက် NGO အဖွဲ့တွေ ကုလသမဂ္ဂကအစပေါ့ အကူအညီတောင်းခံတယ်။ အကူအညီ ထောက်ပံ့တဲ့အခါကျတော့ စစ်ကောင်စီတပ်တွေက ဖြတ်တားတာတို့၊ ထိန်းသိမ်းလိုက်တာတို့ လုပ်တာရှိတယ်။ နောက်ထောက်ပံ့တဲ့ အခါမှာလည်း အမှန်တကယ် အခက်အခဲဖြစ်နေတဲ့ သူတွေက မရသွားဘူး။ အဲလိုတွေလည်း အခက်အခဲတစ်ရပ်ဖြစ်စေတယ်”ဟု စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးကဆိုသည်။

ထို့အပြင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ဘဝမလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာရသူဦးရေ (၈၅၇၉၀၀)အထိ တိုးမြင့်လာမှုကြောင့် ယခင် စစ်တပ်အာဏာမသိမ်းခင် နေရပ်စွန့်ခွာရသူ အရေအတွက်ဖြင့် ပေါင်းလိုက်လျှင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူအရေအတွက်မှာ ၁ ဒသမ ၂ သန်းအထိရှိကြောင်း UNOCHA မှ ထုတ်ပြန်ထားသည်။