ရခိုင်တွင် တပတ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးပြီးကျောင်းသား ရှစ်သောင်းကျော်ရှိလာ

ရခိုင်က မြို့နယ် ၁၇ ခုတွင် အသက် ၅ နှစ်နှင့် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများကို ဇွန်လ ၂ ရက်နေ့ကစ၍ ကိုဗစ်ကာကွယ်ဆေးထိုးပေးနေပြီး ဇွန်လ ၈ ရက်နေ့အထိ တပတ်အတွင်း ၈၂၇၈၈ ဦး ထိုးနှံပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

10 Jun 2022

ကျောက်တော်နှင့် စစ်တွေမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးထိုးပေးနေပုံ။ (ဓါတ်ပုံ - DMG)

DMG ၊ ဇွန် ၁၀

ရခိုင်က မြို့နယ် ၁၇ ခုတွင် အသက် ၅ နှစ်နှင့် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများကို ဇွန်လ ၂ ရက်နေ့ကစ၍ ကိုဗစ်ကာကွယ်ဆေးထိုးပေးနေပြီး ဇွန်လ ၈ ရက်နေ့အထိ တပတ်အတွင်း ၈၂၇၈၈ ဦး ထိုးနှံပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသားများအား ကိုဗစ်ရောဂါအတွက်မစိုးရိမ်စေရန် ကျောင်းသားမိဘများနှင့် သဘောတူညီချက်ယူကာ ထိုးနှံပေးနေခြင်းဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ငြိမ်းက ပြောသည်။

“ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးတော့ အသက် ၅ နှစ်နဲ့ ၁၂ နှစ်ကြား ကျောင်းသူ၊ ကျောင်းသားတွေကို ဆေးထိုးနှံမှု ကျွန်တော်တို့ဌာနအနေနဲ့ မိဘတွေရဲ့သဘောတူညီချက်၊ မိဘတွေရဲ့ ခွင့်ပြုချက်နဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဆေးထိုးပေးနေပါတယ် ” ဟု ဦးအောင်ကျော်ငြိမ်းက ပြောသည်။

ရခိုင်ပြည်တွင် ကိုဗစ်ဆေးထိုးနှံရမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၂၀၀၈၇ ဦးရှိရာကနေ လက်ရှိ ၈၂၇၈၈ ဦးကို ထိုးနှံထားပြီးဖြစ်သဖြင့် ၂၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။ ကာကွယ်ဆေးထိုးပေးရာတွင် အခြေခံပညာကျောင်းမှ ၈၂၆၃၇ ဦးနှင့် ဘုန်းတော်ကြီးသင်ပညာရေး (ဘကကျောင်း) မှ ၁၅၁ ဦးကို ထိုးပေးခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းအရသိရသည်။

ယခုထိုးပေးနေသည့် ကိုဗစ်ကာကွယ်ဆေးမှာ ပထမအကြိမ်အဖြစ် ထိုးပေးနေခြင်းဖြစ်ပြီး ကျောင်းသားများ စိတ်အေးစွာ ပညာသင်ကြားနိုင်ရေးအတွက် ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်မှ တတိယတန်းကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်အေးသန်းရွှေက ပြောသည်။

“ ကျောင်းဖွင့်တဲ့ နေ့ကတည်းက ပထမ အကြိမ်ထိုးပြီးပါပြီ။ သူတို့က ကိုဗစ်ကာကွယ်ဆေးထိုးမှာကို လာမေးတယ်။ မိဘခွင့်ပြုချက်ရပြီးမှ ထိုးမယ်လို့ပြောတယ်။ ကျွန်မကတော့ ထိုးမယ့်လို့ ခွင့်ပြုလိုက်တယ်။ ကျောင်းသားမိဘခွင့်ပြုမှ ထိုးတာပါ။ စိုးရိမ်းစရာတော့မရှိပါဘူး ” ဟု သူမကဆိုသည်။

ရခိုင်ပြည်အတွင်း မြို့နယ် ၁၇ ခုမှ အသက် ၅ နှစ်အထက် ကလေးငယ် ၃၈၆၀၀၀ ကျော်အတွက် ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က မေလ ၃၀ ရက်နေ့တွင် DMG သို့ ပြောဆိုထားသည်။

ကျောင်းသား၊ ကျောင်းသူများအား ထိုးပေးနေသည့် ကိုဗစ်ကာကွယ်ဆေးမှာ တရုပ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေး အမျိုးအစားဖြစ်သည်။

ရခိုင်ပြည်အတွင်း မြို့နယ်အသီးအသီးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံသူ အသက် ၅ နှစ်နှင့် ၁၂ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၂၀၀၈၇ ဦး ရှိသေးကြောင်း ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းအရ သိရသည်။