- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ယူနက်စကိုဝင်ရေးတွင် အဟန့်အတားမဖြစ်စေရန် မြောက်ဦးမြို့ပေါ်မှ စစ်ဘေးရှောင်စခန်းများကို လျော့ချရန်လိုဟု ရှေး/သုပြော
ရခိုင်ပြည်နယ်၊ မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ယူနက်စကိုဝင်ရောက်နိုင်ရေးတွင် ရှေးဟောင်းနယ်မြေအတွင်း ယာယီနေထိုင်နေသည့်စစ်ဘေးရှောင်များမှာ အဟန့်အတားသဖွယ်ဖြစ်နေသည်ဟု ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန တာဝန်ရှိသူများကပြောသည်။
10 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၁၀
ရခိုင်ပြည်နယ်၊ မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ယူနက်စကိုဝင်ရောက်နိုင်ရေးတွင် ရှေးဟောင်းနယ်မြေအတွင်း ယာယီနေထိုင်နေသည့်စစ်ဘေးရှောင်များမှာ အဟန့်အတားသဖွယ်ဖြစ်နေသည်ဟု ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန တာဝန်ရှိသူများကပြောသည်။
လက်ရှိမြောက်ဦးမြို့တွင် ရှစ်သောင်းဘုရား၊ ကိုးသောင်းဘုရားအနီး စစ်ဘေးရှောင်စခန်း၊ မြတန်စောင်းစစ်ဘေးရှောင်စခန်း၊ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်း၊ လောကမာန်အောင်အနီး စစ်ဘေးရှောင်စခန်း စသည့်စစ်ဘေးရှောင်စခန်းစုစုပေါင်း ၁၀ ကျော်ရှိကြောင်း သိရသည်။
ယင်းသို့စစ်ဘေးရှောင်စခန်းများရှိနေခြင်းမှာ ယူနက်စကိုဝင်ရောက်ရန် အဟန့်အတားသဖွယ်ဖြစ်စေသည့်အတွက် စစ်ဘေးရှောင်စခန်းများကို ဖြေလျော့ပေးရန်လိုအပ်သည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ စစ်တွေဌာန(ခွဲ)မှ ညွှန်ကြားရေးမှူး ဦးကြည်ခင်ကဆိုသည်။
“ဘုရားအနီးရှေးဟောင်းနယ်မြေတွေမှာ စစ်ရှောင်စခန်းတွေ၊ လူနေတယ်ဆိုရင် (သက်ရောက်မှု)ဖြစ်တာပေါ့။ သူတို့ရဲ့ညစ်ပတ်တဲ့အရည်တွေ၊ မြောင်းပုတ်တွေဖြစ်မယ်။ မစင်တွေဖြစ်နေမယ်။ အင်းတွေဖြစ်သွားမယ်။ ကွမ်းယာဆိုင်တွေကိုတောင် ကျနော်တို့ကတားနေရတာ၊ အခုလို လူအများကြီးနေတာဆိုတော့ တားရမှာပေါ့။ ကျန်းမာရေးနဲ့လည်းမညီညွတ်ဘူး။ အမှိုက်တွေဖောင်းပွလာမယ်။ ကမ္ဘာ့အမွေအနှစ်ဝင်ဖို့အတွက်ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံးလျော့ချမယ်။ တဖြည်းဖြည်းနဲ့ဆောင်ရွက်ရမှာပေါ့“ဟု ၎င်းကဆိုသည်။
စစ်ဘေးရှောင်များမှာ နှစ်ဖက်တိုက်ပွဲကြောင့် စစ်ဘေးခိုလှုံနေကြခြင်းဖြစ်သည့်အတွက် ၎င်းတို့ကို ရှေးဟောင်းဥပဒေနှင့် အရေးယူဆောင်ရွက်ရန်မဖြစ်နိုင်ကြောင်း ၎င်းကဆက်ပြောသည်။
မြောက်ဦးဒေသ ယူနက်စကိုဝင်ရောက်ရေးတွင် အဟန့်အတားဖြစ်စေသည့် အမှိုက်ကိစ္စများ၊ ကျူးကျော်ကိစ္စ၊ ရှေးဟောင်းနယ်မြေအတွင်း စစ်ဘေးရှောင်များနေထိုင်ခြင်းတို့ကို လျော့ကျစေရန် ဖြည်းဖြည်းချင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ကပြောသည်။
“အခုက ယူနက်စကိုဝင်ဖို့အတွက် မြို့ပေါ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေက နည်းနည်းတော့စိန်ခေါ်မှုဖြစ်တာပေါ့နော်။ စည်းမျဉ်းစည်းကမ်းချက်တွေနဲ့ မကိုက်ညီတဲ့သဘောတော့ရှိတယ်။ ယူနက်စကိုမှာ သတ်မှတ်ချက်တွေ၊ စံချိန်စံနှုန်းတွေရှိပါတယ်။ အမှိုက်ကိစ္စတွေ၊ ကျူးကျော်ကိစ္စတွေဆိုတာဟာ စံချိန်စံနှုန်းတွေနဲ့မကိုက်ညီဘူးဖြစ်နေတယ်။ အဲဒီတော့ ဒါတွေကိုတဖြည်းဖြည်းဖြေလျော့သွားမယ်။ အကုန်လုံးကို တခါတည်းဖယ်ပစ်လိုက်မယ်လို့လည်း မဟုတ်ပါဘူး“ဟု ၎င်းကဆိုသည်။
ရှေးဟောင်းနယ်မြေတွင်ရှိသည့် စစ်ဘေးရှောင်စခန်းများကို ဖယ်ပေးရမည်ဆိုပါက မြောက်ဦးမြို့ပေါ်ရှိ စစ်ဘေးရှောင်များမှာ နေရာထိုင်ခင်း၊ စားဝတ်နေရေး စသည်တို့မှာ ယခင်ထက်ပို၍ အခက်အခဲဖြစ်လာနိုင်သည်ဟု မြောက်ဦးမြို့ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းမှ အမည်မဖော်လိုသည့် စစ်ဘေးရှောင်တစ်ဦးကပြောသည်။
“ကျနော်တို့ဟာ ဒီနေရာမှာ ရာသက်ပန်နေတာလည်း မဟုတ်ဘူး။ ယာယီပဲနေထိုင်နေကြတာဖြစ်တယ်။ ကျနော်တို့မှာ ယူနက်စကိုဝင်ဖို့အတွက် အခုနေထိုင်နေတဲ့နေရာတွေကို ဖယ်ပေးရမယ်ဆိုရင်တော့ ကျနော်တို့ကို သတ်လိုက်တာနဲ့တူပါတယ်။ တစ်နေရာက တခြားတစ်နေရာကိုပြောင်းဖို့ဆိုတာ ကျနော်တို့မှာ ငွေလည်းမရှိဘူး။ အိမ်လည်းမရှိဘူး။ အစိုးရအနေနဲ့ ဘာတွေလုပ်ပေးမလဲဆိုတာကို ကျနော်တို့မျှော်လင့်ပါတယ်“ဟု ၎င်းကဆိုသည်။
ယူနက်စကိုဝင်ရောက်ရန် အဟန့်အတားဖြစ်ပေါ်စေပါက မြောက်ဦးမြို့တွင်ရှိသည့် စစ်ဘေးရှောင်စခန်းများအား သင့်တော်သည့်နေရာသို့ ပြောင်းရွှေ့ပေးသွားမည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီ သတင်းမှန်ပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက DMG ကိုပြောသည်။
“ယူနက်စကိုဝင်ဖို့က အရေးကြီးသလား။ စစ်ဘေးရှောင်ဖယ်ပေးဖို့က အရေးကြီးသလားဆိုပြီး အဲဒီမေးခွန်းအပေါ်မှာမူတည်ပြီးတော့ ကျနော်တို့ကလုပ်ဆောင်ရမှာပါ။ စစ်ဘေးရှောင်စခန်းကြောင့် ယူနက်စကိုဝင်လို့မရဘူး။ စစ်ဘေးရှောင်တွေကို ဖယ်ပေးသင့်တယ်ဆိုရင်တော့ လောလောဆယ်ထားတဲ့ စစ်ဘေးရှောင်တွေကို အသင့်တော်ဆုံးနေရာတွေကို ရွှေ့ပြောင်းတာတော့စီမံရမယ်။ တကယ့်လိုအပ်ချက်အပေါ်မှာမူတည်ပြီးတော့ အလုပ်လုပ်ကြရမှာပါ“ဟု ၎င်းကဆိုသည်။
ယခုလအတွင်းတွင် ရှေးဟောင်းမြောက်ဦးမြို့ကို အီတလီမှ သက်ဆိုင်ရာပညာရှင်များ လာရောက်စစ်ဆေးနေပြီဖြစ်ပြီး လာမည့် ၂၀၂၃ ခု နှစ်လယ်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ်ကော်မတီမှ ယူနက်စကိုစာရင်းဝင်၊ မဝင်ကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။