ဟိုင်ဂင်သဘောတူညီချက်ကို စစ်ကောင်စီ အကြိမ်ကြိမ်ချိုးဖောက်နေ

နောင်ချိုမြို့နယ်ရှိ TNLA တပ်စခန်းကို စစ်ကောင်စီက ဒရုန်း (၂) စင်းဖြင့် လာရောက်ဗုံးကြဲခဲ့၍ တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိသွားကြောင်း TNLA က ဆိုသည်။ 

By Admin 19 Jun 2024

ဓာတ်ပုံ - TNLA
ဓာတ်ပုံ - TNLA

DMG ၊ ဇွန် ၁၉ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ကြား လက်မှတ်ရေးထိုးထားသည့် အပစ်အခတ်ရပ်စဲရေး “ဟိုင်ဂင်သဘောတူညီမှု” စာချုပ်ကို စစ်ကောင်စီက အကြိမ်ကြိမ်ချိုးဖောက်နေကြောင်း TNLA က ထုတ်ပြန်သည်။ 

တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့နယ်ရှိ တပ်စခန်းကို စစ်ကောင်စီက ဒရုန်း (၂) စင်းဖြင့် လာရောက်ဗုံးကြဲခဲ့၍ တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိသွားခဲ့ကြောင်း TNLA ဇွန်လ ၁၈ ရက်တွင် ထုတ်ပြန်သည်။ 

ယင်းအပြင် အုမ္မတီးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ ဆမ္မဆယ်ရွာဘက်သို့ လက်နက်ကြီး (၄)လုံး ပစ်ခတ်ခဲ့ရာ TNLA တပ်စခန်းရှိရာတွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ဇွန်လ ၉ ရက်ကလည်း မိုးမိတ်မြို့နယ်၊ မန်ပိန်းနှင့် ပန်တင်ကျေးရွာအကြားသို့ စစ်ကောင်စီက ပေါင် (၅၀၀) ဗုံးဖြင့် လာရောက်ကြဲချခဲ့သည့်အတွက် TNLA တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ 

ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့ကြား တရုတ်၏ကြားဝင်စေ့စပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှစ၍ ယာယီအပစ်အခတ်ရပ်စဲထားသည်။ 

ယင်းနေ့မှစ၍ ယနေ့အချိန်ထိ စစ်ကောင်စီသည် ရှမ်းမြောက်ဒေသအတွင်း လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု TNLA က ဆိုသည်။ 

ရှမ်းမြောက်ဒေသ လားရှိုးမြို့တွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ကြား ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှစ၍ နှစ်ဖက်စစ်ရေးတင်းမာမှုများ ရှိနေကြသည်။