မိုင်းနင်းမိ၍ ကျိန္တလီဒေသခံတစ်ဦး ဒဏ်ရာရ 

ဂွဒေသခံအများစုမှာ လက်လုပ်လက်စားများဖြစ်ပြီး တောတောင်ကိုအမှီပြုကာ အသက်မွေးနေသူများဖြစ်၍ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် အခက်ကြုံနေရကြောင်း ကျိန္တလီဒေသခံတစ်ဦးက ပြောသည်။

By Admin 08 Jul 2024

ဓာတ်ပုံ - File Photo/ 2022
ဓာတ်ပုံ - File Photo/ 2022

DMG ၊ ဇူလိုင် ၈

ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့မှ ဒေသခံတစ်ဦးမှာ ဇူလိုင် ၇ ရက်က မိုင်းနင်းမိပြီး ဒဏ်ရာရသွားသည်။ ရာပြည့်ရပ်ကွက်မှ ကိုမောင်ဖြူဖြစ်ပြီး ဟင်းသွားရှာရာမှ မိုင်းနင်းမိကာ ခြေပြတ်ထွက်သွားခြင်း ဖြစ်သည်။

“ခြေသလုံးကနေပြတ်သွားလို့ ဆပ်သွားတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ထို့နည်းတူ ဇူလိုင်လ ၃ ရက်ကလည်း ကျိန္တလီမြို့မှ ဒေသခံတစ်ဦးမှာ ဟင်းရှာသွားစဥ် မြေမြှုပ်မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ ဇွန်လ ၂၉ ရက်ကလည်း ဂွမြို့နယ်၊ ရဟိုင်ကွင်းကျေးရွာမှ အသက် (၅၀) ကျော်အရွယ် အမျိုးသားတစ်ဦး  သစ်ခုတ်ရာတွင် မိုင်းနင်းမိပြီး သေဆုံးခဲ့သည်။

ဂွမြို့နယ်ရှိ တောတောင်၊ ကားလမ်းမဘေး၊ မြို့ပတ်လည်၊ တပ်ရင်းအနီးဝန်းကျင် စသည့် နေရာအများအပြားတွင် ဇွန်လနောက်ဆုံးအပတ်မှစ၍ စစ်ကောင်စီက မိုင်းများထောင်ထားပြီးနောက် အရပ်သားထိခိုက်သေဆုံးမှု ရှိလာခြင်းဖြစ်သည်။ 

ဂွဒေသခံအများစုမှာ လက်လုပ်လက်စားများဖြစ်ပြီး တောတောင်ကိုအမှီပြုကာ အသက်မွေးနေသူများဖြစ်၍ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် အခက်ကြုံနေရကြောင်း ကျိန္တလီဒေသခံတစ်ဦးက ပြောသည်။

“ဒီက ဒေသခံတွေက လက်လုပ်လက်စားပိုများတယ်။ ဒီရာသီမှာ ဟင်းရှာလိုက်၊ မျှစ်ချိုးလိုက်နဲ့ စားဝတ်နေရေးကို ဖြေရှင်းနေရတာ။ စစ်ကောင်စီက မိုင်းထောင်ထားလိုက်တော့ ဒေသခံတွေမှာ မသွားရဲမလာရဲနဲ့ တော်တော်အခက်တွေ့နေကြတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ရခိုင်တောင်ပိုင်းရှိ မြို့နယ်များကို AA က ထိုးစစ်ဆင်နေမှုကြောင့် ဂွမြို့နယ်တွင် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ကာ ခုခံစစ်ပြင်ဆင်ထားသည်။

ဗီဒီယိုများ