လေကြောင်းပစ်ခတ်ခံရ၍ ဂွဒေသခံ ကလေးငယ်နှစ်ဦး အပါအဝင် ၇ ဦးသေဆုံး
ရခိုင်ပြည်၊ ဂွမြို့နယ်၊ ဂျိုင်ကောက်ကျေးရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သား ၇ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
15 Nov 2024
DMG ၊ နိုဝင်ဘာ ၁၅
ရခိုင်ပြည်၊ ဂွမြို့နယ်၊ ဂျိုင်ကောက်ကျေးရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သား ၇ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
နိုဝင်ဘာ ၁၃ ရက်က ဂျိုင်ကောက်ရွာသို့ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့်လာရောက်ပစ်ခတ်ခဲ့၍ အသက် ၉ နှစ်အရွယ် မသဲသဲ၊ အသက် ၁၅ နှစ်အရွယ် မယွန်းရတီလှိုင်၊ အသက် ၆၀ အရွယ် ဒေါ် ခင်သက်မူ၊ ၆၅ နှစ်အရွယ် ဦးဆန်းလှိုင်၊ ကိုရေချမ်း (၂၈) နှစ်၊ ဦးဘန်ဒို (၅၄) နှစ်နှင့် ဦးမိုးညို (၅၀) နှစ်တို့ သေဆုံးသွား ရခြင်းဖြစ်သည်။
ထို့အတူ ဒဏ်ရာရရှိခဲ့သူများမှာ ဦးတင်ဝင်း၊ မောင်မောင်ဦး၊ ဦးထွန်းထွန်းနိုင်၊ ဦးနုနှင့် နောက်ထပ်တစ်ဦး တို့ဖြစ် သည်။
“စစ်ကောင်စီက မနက် ၁၀ နာရီလောက်မှာ ဗုံးလာကြဲတာ။ သေတဲ့သူတွေထဲ ကလေးတွေလည်းပါတယ်။ ဒဏ်ရာပြင်းတဲ့သူတွေထဲ ဆေးကုရင်းနဲ့ သေတဲ့သူလည်းရှိတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထို့ပြင် နိုဝင်ဘာ ၁၃ ရက်က ဂွမြို့နယ်၊ ဂျိုင်ကောက်ကျေးရွာအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံတစ်ဦးသေဆုံးပြီး အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
DMG က ပြုစုထားသည့် စာရင်းများအရ စစ်ကောင်စီသည် စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သား နေထိုင်ရာ နေရာများကို လက်နက်ကြီး၊ လေကြောင်း စသည့်ဖြင့် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုများကြောင့် ရခိုင်တိုက်ပွဲ တစ်နှစ်တာကာလအတွင်း သေဆုံး၊ ဒဏ်ရာရသူ အရပ်သား ၁,၆,၀၀ ကျော် ရှိခဲ့သည်။
“စစ်မနိုင်တော့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်လာတယ်။ စစ်ရေးနဲ့မသက်ဆိုင်တဲ့ နေရာ အဆောက်အအုံတွေ၊ လမ်းတံတားတွေကို ဖျက်ဆီးတိုက်ခိုက်တာဟာ သူတို့စစ်ရှုံးလို့လုပ်တယ်ဆိုဟာ သက်သေပြ နေသလိုပဲ” ဟု ရခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ဂျိုင်ကောက်ကျေးရွာတွင် အိမ်ခြေ ၄၀၀ ကျော်ရှိပြီး စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ ကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက နိုဝင်ဘာ ၁၃ ရက်နေ့တွင် ဂျိုင်ကောက်ကျေးရွာမှ ဆပ်သွားကျေးရွာသို့ တပ်ဆုတ်ပြေးသွားကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းကလည်း ဂျိုင်ကောက်နှင့် ဆပ်သွားကိုဆက်သွယ်ထားသည့် တံတားကို စစ်ကောင်စီတပ် က မှိုင်းခွဲဖျက်ဆီးခဲ့ပြီး တပ်ဆုတ်သွားကြောင်းသိရသည်။
ရခိုင် မြို့သိမ်းတိုက်ပွဲတစ်နှစ် တာကာလအတွင်း စစ်ကောင်စီက ရခိုင်ပြည်တွင်းမှ တံတား ၂၈ စင်းကို ဖျက်ဆီးခဲ့ကြောင်း နိုဝင်ဘာ ၁၃ ရက်တွင် AA ထုတ်ပြန်ထားသည်။
လက်ရှိ ဂွမြို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့တိုက်ပွဲပြင်းထန်နေပြီး ဂွမြို့အခြေစိုက် ခမရ(၅၆၂ ) နှင့် ခမရ (၅၆၃) တပ်ရင်းတို့တွင် စစ်ကောင်စီက အင်အားဖြည့်တင်းနေကြောင်းသိရသည်။