အကြမ်းဖက်ခံရသည့် အမျိုးသမီးများ တရားမျှတမှုရရှိရေးအတွက် တောင်းဆိုမှုနည်းပါးလာနေ

မြန်မာနိုင်ငံအတွင်း အမျိုးသမီးများအကြမ်းဖက်ခံမှုမှာ နှစ်စဉ်နှစ်တိုင်းတိုးလာနေပြီး ထိုသို့အကြမ်းဖက်ခံရသည့် အမျိုးသမီးများက တရားမျှတမှုရရှိရေးအတွက် တောင်းဆိုမှုအပိုင်းမှာနည်းပါလာနေကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများမှ ပြောဆိုကြသည်။

17 Jul 2022


DMG ၊ ဇူလိုင် ၁၇

မြန်မာနိုင်ငံအတွင်း အမျိုးသမီးများအကြမ်းဖက်ခံမှုမှာ နှစ်စဉ်နှစ်တိုင်းတိုးလာနေပြီး ထိုသို့အကြမ်းဖက်ခံရသည့် အမျိုးသမီးများက တရားမျှတမှုရရှိရေးအတွက် တောင်းဆိုမှုအပိုင်းမှာနည်းပါလာနေကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများမှ ပြောဆိုကြသည်။

လက်ရှိအနေအထားအရ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု၊ စီးပွားရေး၊ နိုင်ငံရေးအရ လုံခြုံမှုမရှိသည့်အခြေအနေများကြောင့် အကြမ်းဖက်ခံရသောအမျိုးသမီးများ တရားမျှတမှုရရှိရေးတောင်းဆိုမှုများ နည်းပါးလာနေသည်ကိုတွေ့မြင်နေရသည်ဟု ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)မှ ရခိုင်ပြည် မြောက်ပိုင်းတာဝန်ခံ ဒေါ်မြသူဇာက ပြောသည်။

“အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှုရရှိရေးမှာတော့ အတိုင်းအတာတစ်ခုထိတော့ ခရီးရောက်နေတယ်။ သို့သော် လက်ရှိအနေအထားအရ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ စီးပွါးရေး၊ လုံခြုံရေးအနေအထားအရ အမျိုးသမီးတွေက တရားမျှတမှုအတွက် တောင်းဆိုလာတဲ့အပိုင်းမှာ နည်းပါးသွားကြပါတယ်”ဟု ဒေါ်မြသူဇာက ပြောသည်။

အမျိုးသမီးများမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာနှင့် လူမှုစီးပွားရေးအရပါ နည်းမျိုးစုံနှင့် အကြမ်းဖက်ခံရနေရပြီး အထူးသဖြင့် ရင်းနှီးကျွမ်းဝင်သူများမှ အကြမ်းဖက်ခြင်းနှင့် အိမ်တွင်းအကြမ်းဖက်ခံရခြင်းက ပိုများကြောင်းသိရသည်။

ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)က ကောက်ယူထားသည့် စာရင်းများအရ ၂၀၂၁ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း အမျိုးသမီးအကြမ်းဖက်ခံမှု အမှုပေါင်း ၃၁၀ နှင့် ၂၀၂၂ ခုနှစ် ဇန်နန်ဝါရီလမှ ဇွန်လအတွင်း ၂၀၄ မှုအထိရှိကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ ၂၀၂၁ ခုနှစ် အမျိုးသမီးအကြမ်းဖက်ခံရမှု အမှုပေါင်း ၁၈၃၅ မှုနှင့် ၂၀၂၂၂ ခုနှစ် ဇွန်နန်ဝါရီလမှ ဇွန်လအထိ ၁၁၅၈ မှုရှိကြောင်း အဆိုပါဖွဲ့၏စာရင်းအရ သိရသည်။

အကြမ်းဖက်ခံရသည့် အမျိုးသမီးများနှင့်ပတ်သက်၍ တရားမျှတမှုရရှိရေး ကြိုးပမ်းရာတွင် အခက်အခဲများရှိနေသေးသည်ဟု ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကပြောသည်။

“ဒီကိစ္စတွေက အသင်းအဖွဲ့တွေအများကြီးနဲ့ ကြိုးစားအားထုတ်တဲ့အခါ တိတိကျကျလုပ်ဆောင်ပေးတာတွေရှိတယ်။ ဒါပေမဲ့ တကယ်ကို လုပ်ဆောင်နိုင်စွမ်းရှိရဲ့သားနဲ့ မအောင်တဲ့အမှုတွေလည်းရှိတယ်။ ဒီဟာတွေက ကာလဒေသအချိန်အခါအရ ပြောင်းလဲမှုရှိတဲ့အတွက် စိန်ခေါ်မှုတစ်ရပ်လို့ပြောရမယ်”ဟု ဒေါ်ညိုအေးကပြောသည်။

ထို့အပြင် အမျိုးသမီးများအပေါ် ဥပဒေအရအကာအကွယ်ပေးမှုအပိုင်းမှာလည်း အကန့်အသတ်အတားအဆီးများ၊ စိန်ခေါ်မှုများနှင့် အားနည်းချက်များရှိနေသေးကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများက ပြောဆိုကြသည်။

မြန်မာနိုင်ငံမှာ အမျိုးသမီးများ အကြမ်းဖက်ခံရမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်တားဆီးရေးဥပဒေမူကြမ်းကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မှာ အစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှပူးပေါင်းကာ စတင်ရေးဆွဲခဲ့သော်လည်း ယနေ့အထိ အတည်ပြုပြဋ္ဌာန်းနိုင်ခြင်း မရှိသေးပေ။

ယင်းအကြောင့် အမျိုးသမီးများအကြမ်းဖက်ခံရမှုအပေါ် အချိန်နှင့်တပြေးညီ ထိထိရောက်ရောက်ကာကွယ်တားဆီးရေးမှာ စိန်ခေါ်မှုရှိနေသည်ဟု ဒေါ်မြသူဇာကပြောသည်။

“အမျိုးသမီးတွေအပေါ် အကြမ်းဖက်ခံရမှု နည်းပါးလာအောင် အမျိုးသမီတွေ empower ဖြစ်လာဖို့ အခွင့်အရေးသင်တန်းတွေနဲ့ ဥပဒေအမြင်ပွင့်သင်တန်းတွေကို အများကြီးပေးဖို့လိုအပ်တယ်။ ပြီးတော့ အမျိုးသမီးတွေအတွက် သီးသန့်ပြဋ္ဌာန်းတဲ့ အထူးဥပဒေနဲ့ အကြမ်းဘက်မှုတွေဖြစ်လာပြီဆိုလို့ရှိရင် အချိန်နဲ့တပြေးညီ ကာကွယ်တားဆီးနိုင်တဲ့ ယန္တားရားတွေရှိဖို့လိုတယ်”ဟု ဒေါ်မြသူဇာက ပြောသည်။

အကြမ်းဖက်ခံရသော အမျိုးသမီးများမှ ထုတ်ဖော်ပြောဆိုဝံ့မှု ထိုသို့ထုတ်ဖော်ပြောဆိုဝံ့သည့် အမျိုးသမီးများအား ကာကွယ်ဝန်းရံပေးရန် လုံခြုံရေးအနေအထားနှင့် သက်သေထွက်ဆိုမှုအပိုင်းမှာ အခက်အခဲများရှိနေသည်ဟု အမျိုးသမီးအရေးလှုပ်ရှားသူများမှ ထောက်ပြပြောဆိုကြသည်။

မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်ပွားရာဒေသများမှ အမျိုးသမီးများမှာ အများဆုံးအကြမ်းဖက်ခံရနေရပြီး တရားမျှတမှုပျောက်ဆုံးနေကြရသည်။ အမျိုးသမီးများအပေါ် လေးစားသမှု တန်ဖိုးထားရန်နှင့် အမျိုးသမီးအခွင့်အရေးကိုလိုက်နာပြီး စာနာစိတ်ထားရှိရန် အမျိုးသမီးများမှ တိုက်တွန်းထားကြသည်။