ရေအခွန်မဆောင်သူ ဆက်၍များပြားနေပါက မင်းပြားမြို့တွင် ရေဖြန့်ဝေမှု ရပ်တန့်သွားနိုင်ဟုဆို

မင်းပြားမြို့တွင် ဒေသခံများရေအခန်မဆောင်ကြသည်မှာ ၃ လကျော်ထိ ကြာမြင့်နေပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

11 Apr 2022

DMG ၊ ဧပြီ ၁၁

မင်းပြားမြို့တွင် ဒေသခံများရေအခန်မဆောင်ကြသည်မှာ ၃ လကျော်ထိ ကြာမြင့်နေပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

မင်းပြားတွင် ရေပေးဝေနေသည့်အိမ်ထောင်စုပေါင်း တစ်ထောင်ကျော်ရှိသည့်အနက် အိမ်ထောင်စု ၁၀၀ ကျော်ခန့်သာ ရေအခွန်ဆောင်ကြပြီး ကျန်အိမ်ထောင်စုများမှာ ရေအခွန်မဆောင်ကြကြောင်း စည်ပင်အရာရှိကဆိုသည်။

ထိုသို့ရေအခွန်မဆောင်ကြသည်မှာ ၃ လကျော်ရှိနေပြီဖြစ်၍ ဆက်လက်ပြီး ရေအခွန်မဆောင်ပဲနေပါက မြို့တွင်းရေပေးဝေမှု ရပ်တန့်သွားနိုင်သည်ဟု မင်းပြားမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ရေပုံမှန်ရရှိတဲ့သူတွေလည်း အခွန်မဆောင်ကြဘူး။ ရေမရတဲ့သူတွေလည်း အခွန်မဆောင်ကြဘူး။ သူတို့ရေအခွန်မသွင်းတာကြတော့ သူတို့အနေနဲ့ အရင်တုန်းကလို ရေကိုလိုသလောက်မရကြတော့ဘူး။ အရင်တုန်းကလို ကြိုက်တဲ့အချိန်မှာရေပေးဝေတာမျိုးမရှိတဲ့အတွက်လို့တော့ ထင်ပါတယ်။ ဆိုတော့ ရေပုံမှန်ရတဲ့သူတွေလည်း ဒီလိုအကြောင်းပြပြီးတော့ အခွန်မသွင်းကြတော့ဘူးပေါ့။ အရင်တုန်းက အကြွေးတွေကိုလည်းမသွင်းကြဘူး အခုလည်းမသွင်းကြဘူးပေါ့။ ရေလည်းအတိုင်းအတာတစ်ခုထိရကြပါတယ်။ ဒီအတိုင်းအခွန်မဆောင်ပဲနေကြမယ်ဆိုရင်တော့ မြို့တွင်းရေပေးဝေနေတာတွေ ရပ်တန့်သွားမှာပါ”ဟု ၎င်းကဆိုသည်။

လစဉ်ကျသင့်သည့်ရေအခွန်အား သက်ဆိုင်ရာသို့ လာရောက်ပေးသွင်းကြရန် အသိပေးနှိုးဆော်ထားသော်လည်း လက်ရှိအချိန်ထိ မပေးသွင်းကြဘဲရှိနေသည်ဟု စည်ပင်ကဆိုသည်။

ယင်းသို့ ရေအခွန်မသွင်းခြင်း၊ အစိုးရထံမှ ဘက်ဂျက်ငွေမရရှိခြင်း၊ စက်သုံးဆီဈေးတက်နေခြင်း စသည့်အကြောင်းတို့ကြောင့် ရေပေးဝေနေသည့်အပိုင်းတွင်အခက်အခဲရှိနေကာ ရေအခွန်အား ဆက်လက်မသွင်းပဲနေပါက ရေပေးဝေနေမှုရပ်တန့်သွားနိုင်ပြီး လက်ရှိတွင်လည်း စည်ပင်တွင် အကြွေးငွေ ၄၀ ခန့်ရှိနေပြီဖြစ်သည်ဟု စည်ပင်အရာရှိကပြောသည်။

မင်းပြားမြို့ကို ဖလောင်းပြင်ဆည်မှ တစ်ရက်လျှင် ၅ နာရီကျော် ရေပေးဝေပြီး စက်သုံးဆီ ၁၀ ဂါလံခန့်အသုံးပြုရကြောင်း သိရသည်။

လက်ရှိ ဖလောင်းပြင်ဆည်မှရေပေးဝေရာတွင် ရေပုံမှန်မရရှိသဖြင့် ရေကိုဝယ်သုံးနေရခြင်း၊ ရေအခွန်အား ယခင်ကဲ့သို့လာရောက်ကောက်ခံခြင်းမရှိသည့်အတွက် ရေအခွန်ကိုမသွင်းကြခြင်းဖြစ်သည်ဟု မင်းပြားဥက္ကာပျံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီဒေါင်းချေကဆိုသည်။

“ကျနော်တို့အခွန်မသွင်းဆိုတာက သူတို့ဘက်ကလည်းလာလို့ မကောက်ဘူး။ ရေလည်းပုံမှန်မရတဲ့အတွက် ရေအခွန်မသွင်းပဲထားထားတာပါ။ ရေအခွန်မသွင်းတာကတော့ ၃ လကျော်လောက်ရှိနေပါပြီ”ဟု ၎င်းကဆိုသည်။

ဖလောင်းပြင်ဆည်မှ ရေမရရှိသည့်အတွက် တစ်ထောင်လီတာတစ်ဗူးကို ငွေကျပ်ငါးထောင်ပေးကာ ဝယ်ယူသုံးစွဲနေရသည်ဟုလည်း ဦးညီဒေါင်းချေကပြောသည်။

ဖလောင်းပြင်ဆည်မှရေကို ဈေးဟောင်းပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ ပြည်တော်သာရပ်ကွက်၊ ဥက္ကာပျံရပ်ကွက် စသည့်(၅)ရပ်ကွက်ခန့်သာ ရရှိနေသည်ဟုမြို့ခံများကပြောသည်။

ဈေးဟောင်းပိုင်းရပ်ကွက်မှ မဖြူဖြူဌေးကလည်း “ဒီအတိုင်းရေပုံမှန်မရပဲ တစ်ပတ် ၃ ရက်လောက်ရနေမယ်ဆိုရင်တော့ ကျမတို့ဆက်ပြီးတော့လည်း အခွန်ဆောင်ဖို့မသေချာဘူး။ ကျမတို့မြို့မှာ ဆည်တွေအများကြီးရှိပေမဲ့ ရေနှစ်တိုင်းရှားနေရတယ်။ ဒါကိုအစိုးရအနေနဲ့ လေးလေးနက်နက်ကူညီဆောင်ရွက်ဖို့တောင်းဆိုချင်ပါတယ်”ဟု ဆိုသည်။

လက်ရှိမှာ မြို့တွင်းရေကန်များတွင်လည်း မေလတစ်လခန့်သာ ရေအသုံးပြုနိုင်တော့မည်ဖြစ်သည့်အတွက် ရေရရှိရေးအပိုင်းကို ကူညီပေးစေချင်သည်ဟုလည်း ဒေသခံများက တောင်းဆိုကြသည်။

ပြည်စစ်ကောင်စီအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက “မင်းပြားမြို့မှာ ရေရရှိရေးနှင့်ပတ်သက်ပြီးတော့ ပြည်နယ်စည်ပင်က နည်းပညာအင်ဂျင်နီယာတစ်ယောက်ကို ပို့ပေးထားတယ်။ သူက ဖလောင်းပြင်ဆည်က မြို့တွင်းရေရရှိရေးအတွက် ဆောင်ရွက်ပေးနေပါတယ်”ဟု ဆိုသည်။

မင်းပြားမြို့တွင် ရပ်ကွက်(၈)ခုရှိပြီး ရပ်ကွက်အားလုံးကို ရေပေးနိုင်ရန် ဖလောင်းပြင်ဆည်တွင် ရေအလုံအလောက်ရှိသော်လည်း စက်သုံးဆီဈေးနှုန်းကြီးမားမှု၊ ရေတွန်းစက်နည်းပါးမှုတို့ကြောင့် အခက်အခဲရှိခြင်းဖြစ်သည်။ ထို့ကြောင့် ရပ်ကွက် ၅ ခုကို တစ်နေ့လျှင် ၅ နာရီခန့်သာ ရေပေးနိုင်သေးပြီး တခြားရပ်ကွက်များကို ရေမပေးဝေနိုင်သေးဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

မင်းပြားမြို့တွင် နွေရာသီအတွင်း ရေပိုမိုရှားပါးလာသည့်အတွက် စက်သုံးဆီရရှိရေး၊ ရေတွန်းစက်ရရှိရေးတို့အတွက် ပြည်နယ်ကောင်စီထံသို့ ဖေဖော်ဝါရီလပထမပတ်တွင် တင်ပြထားသည်ဟု မြို့နယ်စည်ပင်မှ သိရသည်။

မင်းပြားမြို့တွင် ရေကန် ၃၂ ကန်နှင့် ဂရင်ဂျိုင်ဆည်၊ ဖလောင်းပြင်ဆည်၊ မြောင်းကြီးဆည်တို့ရှိသော်လည်း ဒေသခံများမှာ နှစ်စဉ်ရေရှားပါးမှုနှင့် ကြုံတွေ့နေကြရသည်။