မိုးကုတ် အကျဉ်းထောင်ကို TNLA နှင့်ပူးပေါင်းအဖွဲ့ သိမ်းပိုက်

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း TNLA က ဇူလိုင် ၂၂ ရက်တွင် ထုတ်ပြန်သည်။ 

By Admin 23 Jul 2024

မိုးကုတ် အကျဉ်းထောင်ကို TNLA နှင့်ပူးပေါင်းအဖွဲ့ သိမ်းပိုက်

DMG ၊ ဇူလိုင် ၂၃

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ပန်မထိပ်ကျေးရွာအနီး အကျဉ်းထောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် PDF (မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း TNLA က ဇူလိုင် ၂၂ ရက်တွင် ထုတ်ပြန်သည်။ လက်နက်ငယ် (၅)လက်၊ ဒရုန်း(၁)စင်းနှင့် အခြားစစ်အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

မိုးကုတ်မြို့ အနောက်ပိုင်းရှိ ရွှေမြဝင်း၊ ဒေါ်နန်းကြည်တောင်၊ ပန်းသပြေတောင်နှင့် ရွှေသာယာ စသည့် စစ်ကောင်စီတပ်စခန်းများကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားသည်။ 

လက်ရှိတွင် မိုးကုတ်မြို့အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေး TNLA နှင့်ပူးပေါင်းအဖွဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ 

မိုးကုတ်မြို့ အရှေ့ပိုင်းရှိ တာဝါတိုင်၊ ရေကန်တောင်၊ ပတ္တမြားစေတီတပ်စခန်းများကို သိမ်းပိုက်ထားကြောင်း TNLA က ထုတ်ပြန်ထားသည်။ 

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် ဇွန် ၂၅ ရက်မှစသည့် စစ်ကောင်စီနှင့် TNLA ၏ တိုက်ပွဲများမှာ တစ်လခန့် ကြာမြင့်လာပြီဖြစ်သည်။ 

လက်ရှိတွင်လည်း မိုးကုတ်မြို့အပြင် နောင်ချို၊ ကျောက်မဲမြို့နယ်တို့မှ စစ်ကောင်စီတပ်စခန်းများကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်နေ၍ နှစ်ဖက်တိုက်ပွဲများပြင်းထန်နေသည်။ 

ဗီဒီယိုများ