သင်္ကြန်ကာလ ရခိုင်သို့ဝင်ရောက်သည့် ပြည်တွင်း၊ပြည်ပခရီးသည်ဦးရေ တစ်သောင်းခွဲကျော်ရှိခဲ့

တည်ငြိမ်နေသည့်ရခိုင်ပြည်သို့ ယခုနှစ်သင်္ကြန်ကာလတွင် ပြည်တွင်း၊ပြည်ပခရီးသွားဝင်ရောက်မှုဦးရေမှာ တစ်သောင်းခွဲကျော်အထိရှိခဲ့ကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

19 Apr 2022

DMG ၊ ဧပြီ ၁၉

တည်ငြိမ်နေသည့်ရခိုင်ပြည်သို့ ယခုနှစ်သင်္ကြန်ကာလတွင် ပြည်တွင်း၊ပြည်ပခရီးသွားဝင်ရောက်မှုဦးရေမှာ တစ်သောင်းခွဲကျော်အထိရှိခဲ့ကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဧပြီလ ၉ ရက်နေ့မှ ဧပြီလ ၁၇ ရက်နေ့အထိ ခရီးသည် ၁၅၉၁၇ ဦးအထိဝင်ရောက်ခဲ့သည့်အနက် နိုင်ငံခြားသား ၂၆၀ ဦးပါဝင်ခဲ့ပြီး ငပလီ၊ မြောက်ဦး၊ စစ်တွေနှင့် ကျောက်ဖြူသို့ အဓိကလာရောက်ခဲ့ကြောင်း အဆိုပါဦးစီးဌာန၏ စာရင်းအရသိရသည်။

ရခိုင်တွင် သင်္ကြန်ကာလအတွင်း ပြည်တွင်းပြည်ပခရီးသွား လာရောက်မှုများလာခြင်းမှာ ကိုဗစ်ရောဂါ ထိန်းချုပ်လာနိုင်မှုနှင့် နယ်မြေဒေသအေးချမ်းမှုတို့ကြောင့်ဖြစ်သည်ဟု ပြည်နယ်ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းက DMG သို့ပြောသည်။

“အဓိကတော့ ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်လာတယ်ပေါ့နော်။ အဲဒါကတစ်ချက်ရယ်၊ နောက် ဒေသအေးချမ်းတာပေါ့၊ အဓိကတော့ နယ်မြေအေးချမ်းမှုရှိလို့ရယ်ပေါ့။ ဒါတွေကြောင့် ခရီးသွားဧည့်သည်တွေ ပိုပြီးလာရောက်မှုရှိတာလို့ ယူဆတာပေါ့”ဟု သူကဆိုသည်။

ရခိုင်တွင် တိုက်ပွဲနှင့် ကိုဗစ်ကပ်ဘေးရောဂါကြောင့် ပြီးခဲ့သည့်သုံးနှစ်ခန့်က သင်္ကြန်ပွဲတော်ကို ကျင်းပနိုင်ခဲ့ခြင်းမရှိပေ။ သို့သော်လည်း လက်ရှိတွင် ပြည်နယ်တွင်း တိုက်ပွဲရပ်တန့်နေသောကြောင့် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို စည်စည်ကားကားကျင်းပခဲ့ကြသည်။

ယခုနှစ်တွင် ရက္ခိုင့်တပ်တော်(AA)ထိန်းချုပ်ရာ နယ်မြေများဖြစ်သည့် ကျောက်တော်၊ မြောက်ဦးဒေသများတွင် ကျင်းပသည့် ဇီးချောင်းသင်္ကြန်နှင့် လေးမြို့သင်္ကြန်တို့မှာလည်း အထူးစည်ကားခဲ့ပြီး လူပေါင်းသိန်းချီ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ရခိုင်ကလွဲပြီး တခြားဒေသများတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ယခုနှစ်သင်္ကြန်ပွဲတော်ကို စည်စည်ကားကားကျင်းပခြင်းမရှိဘဲ အများစုမှာ ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသည်။