ပလက်ဝမြို့နယ်တွင် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ခြေတစ်ဖက်ဖြတ်လိုက်ရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ င/ပွီကျေးရွာမှ အမျိုးသားတစ်ဦးမှာ ယမန်နေ့(စက်တင်ဘာလ ၉ ရက်) နံနက်ပိုင်းက မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့ကြောင်း သိရသည်။

10 Sep 2022

DMG ၊ စက်တင်ဘာ ၁၀

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ င/ပွီကျေးရွာမှ အမျိုးသားတစ်ဦးမှာ ယမန်နေ့(စက်တင်ဘာလ ၉ ရက်) နံနက်ပိုင်းက မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့ကြောင်း သိရသည်။

မိုင်းထိမှန်ခဲ့သူမှာ အသက် ၂၃ နှစ်အရွယ် ကိုဦးသိန်းအောင်ဆိုသူဖြစ်သည်။ ၎င်းမှာကျေးရွာအနီးရှိ လယ်ယာ၌ ကောက်သစ်စပါးရိတ်သိမ်းနေချိန် မိုင်းနင်းမိပြီး ညာဖက်ခြေတွင် ပြင်းထန်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

မိုင်းပေါက်ကွဲမှုကြောင်း ၎င်း၏ ညာခြေထောက်ဖြတ်လိုက်ရသည့်အပြင် ခန္ဓာကိုယ်၊ လက်နှင့် မျက်နှာတို့တွင်လည်း ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ပလက်ဝမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

“အဲ့လယ်ပြင်မှာ စပါးရိတ်နေတဲ့အချိန် မိုင်းနင်းမိတာပါ။ ညာခြေ တစ်ဖက်က ဒဏ်ရာပြင်းလို့ ဖြတ်လိုက်ရပါတယ်”ဟု ၎င်းဒေသခံကပြောသည်။

ယခုကဲ့သို့ လယ်ယာ၌ စပါးရိတ်သိမ်းနေချိန် မိုင်းနင်းမိသောကြောင့် ဒေသခံများမှာ စိုးရိမ်မှုမြင့်တက်လျက်ရှိနေကြသည်။

“လယ်ကွင်းပြင်ထဲမှာ စပါးရိတ်နေတဲ့အချိန် မိုင်းထိတာဆိုတော့ စိုးရိမ်တာပေါ့။ ဘာလို့လဲဆိုတော့ လယ်သမားတွေမှာ လယ်ပြင်ကိုသွားနေကြရတာပဲလေ။ နောက်ထပ် မိုင်းနင်းမိသွားရင်ရော ဆိုပြီး စိုးရိမ်တယ်”ဟု နောက်ထပ် ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ စည်းမဝကျေးရွာမှ အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ ခြေတစ်ဖက်ဖြတ်လိုက်ရကာ ဩဂုတ်လ ၂၄ ရက်နေ့ကလည်း ပလက်ဝမြို့နယ် အဘောင်သားကျေးရွာမှ အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံးသွားခဲ့သည်။ ထို့အတူ ဩဂုတ်လ ၃၀ ရက်‌နေ့ကလည်း မောင်တောမြို့နယ် တရိန်း(မြို)ကျေးရွာမှ အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ပလက်ဝမြို့နယ်သည် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားနေသည့် ဒေသတစ်ခုဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံများ သေဆုံး၊ ဒဏ်ရာရရှိမှုများ မကြာခဏရှိနေသည်။