မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းရန် HRSJA ကတိုက်တွန်းထုတ်ပြန်

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများကို အရေးယူဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာအပါအဝင် ပြည်တွင်းပြည်ပရှိအဖွဲ့အစည်းများအားလုံးက အမြန်ဆုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးရန်တိုက်တွန်းကြောင်း လူ့အခွင့်အရေးနှင့် လူမှုတရားမျှတရေးမဟာမိတ်(HRSJA)မှ ထုတ်ပြန်လိုက်သည်။

11 Dec 2021

DMG ၊ ဒီဇင်ဘာ ၁၁

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများကို အရေးယူဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာအပါအဝင် ပြည်တွင်းပြည်ပရှိအဖွဲ့အစည်းများအားလုံးက အမြန်ဆုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးရန်တိုက်တွန်းကြောင်း လူ့အခွင့်အရေးနှင့် လူမှုတရားမျှတရေးမဟာမိတ်(HRSJA)မှ ထုတ်ပြန်လိုက်သည်။

ခေတ်အဆက်ဆက်ကျုးလွန်ခဲ့သော မြန်မာစစ်တပ်၏ တာဝန်ရှိသူ ရာထူးအဆင့်ဆင့်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ဆက်နွယ်နေသော ပုဂ္ဂိုလ်အဖွဲ့အစည်းများအားလုံးကို ထိရောက်သော ဖမ်းဆီးအပြစ်ပေးအရေးယူဆောင်ရွက်မှုများ၊ ကျုးလွန်သူများ အပြစ်ပေးမှုမှ ကင်းလွတ်နေသည့်အစဉ်အလာကို အပြီးတိုင်အဆုံးသတ်စေရေး ပြည်တွင်းပြည်ပရှိအဖွဲ့အစည်းများအားလုံး အမြန်ဆုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးရန်တိုက်တွန်းကြောင်း ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သည့် (၇၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“လူ့အခွင့်အရေးချိုးဖောက်နေတဲ့ မြန်မာစစ်တပ်ကို နိုင်ငံတကာနေပြီး အရေးယူပေးဖို့ကို အဓိကထားပြီး ထုတ်ပြန်တာဖြစ်တယ်။ မြန်မာစစ်တပ်ကနေကျုးလွန်ခဲ့တာ နှစ်ပေါင်းလည်းမနည်းတော့ဘူး။ အခုအချိန်ထိ အပြစ်ပေးအရေးယူတာသိပ်မရှိဘူး။ အဲတာတွေ နောက်ထပ်မဖြစ်ရအောင် ရှေ့ဆက်ပြီးအရေးယူပေးဖို့ တိုက်တွန်းတာဖြစ်တယ်”ဟု လူ့အခွင့်အရေးနှင့် လူမှုတရားမျှတရေးမဟာမိတ်(HRSJA)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ခေတ်အဆက်ဆက် မြန်မာစစ်တပ်၏လုပ်ရပ်သည် လူ့အခွင့်အရေး၊ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ၊ တရားဥပဒေစိုးမိုးမှုတို့နှင့် ဆန့်ကျင်နေကြောင်း၊ လူသားဆန်မှုကိုဆန့်ကျင်သော ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုကိုပါကျုးလွန်နေကြောင်း လူ့အခွင့်အရေးနှင့် လူမှုတရားမျှတရေးမဟာမိတ်(HRSJA)၏ ထုတ်ပြန်ချက်မှာ ရေးသားထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်သည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ မဲမသမာမှုစွပ်စွဲချက်ဖြင့် နိုင်ငံတော်အာဏာကို အကြမ်းဖက်နည်းနှင့် မတရားသိမ်းယူပြီး၊ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံရေးသမားများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ ပြည်သူများ၏ ပစ္စည်းပိုင်ဆိုင်မှုများကိုဖျက်ဆီးခြင်း၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင်ပါဝင်သော ဝန်ထမ်းများကို ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးခြင်းများပြုလုပ်ခြင်းတို့မှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပြီး လူသေဆုံးမှုများရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာပါရှိသည်။

လက်ရှိ မြန်မာနိုင်ငံ၏အခြေအနေတွင် ကိုယ်စားပြုသည့်အစိုးရတစ်ရပ်မရှိသဖြင့် နိုင်ငံတကာအနေနှင့် ပါဝင်ကူညီရန်လိုအပ်နေပြီဖြစ်ကြောင်း လူ့အခွင့်အရေးနှင့် လူမှုတရားမျှတရေးမဟာမိတ်(HRSJA)အဖွဲ့ဝင်လည်းဖြစ်၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကိုမင်းဘာချေကပြောသည်။

“မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ဆိုးရွားစွာရှိနေတာကို မီးမောင်းထိုးပြတယ်။ ပြီးရင် ဒါကို အရေးယူဆောင်ရွက်ဖို့ကို နိုင်ငံတကာအသိုင်းအဝိုင်းဆီ တင်ပြတယ်။ ဒါတွေက လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေမှာ ကိုယ်စားပြုတဲ့ အစိုးရတစ်ရပ်မရှိတဲ့အတွက် ဒါတွေကိုနိုင်ငံတကာက ပါဝင်ဖို့ကူညီဖို့သင်ြ့ပီ၊ ဝင်ပါဖို့လိုနေပြီ။ နိုင်ငံတကာကလည်း အရေးတယူဆောင်ရွက်ဖို့အရေးကြီးနေပြီ”ဟု ၎င်းကပြောသည်။

စစ်ကောင်စီသည် ကိုဗစ်-၁၉ ရောဂါအကြောင်းပြကာ ပြည်သူများ၏ လွတ်လပ်စွာသွားလာခွင့်၊ သတင်းအချက်အလက်ရယူခွင့်၊ အလုပ်လုပ်ကိုင်ခွင့် စသည့်အခြေခံအခွင့်အရေးများကို ပိတ်ပင်တားဆီးနေကြောင်း လူ့အခွင့်အရေးနှင့် လူမှုတရားမျှတရေး မဟာမိတ်(HRSJA)၏ ထုတ်ပြန်ချက်မှာပါရှိသည်။

ဒါ့အပြင် စစ်ဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာခဲ့သော အပြစ်မဲ့ပြည်သူများပိုမိုများပြားလာပြီး စားဝတ်နေရေးခက်ခဲခြင်း၊ လူသားချင်း စာနာထောက်ထားမှုထောက်ပံ့ရေးများကို ပိတ်ပင်တားဆီးခံရခြင်းကြောင့် ဆေးဝါးနှင့် လိုအပ်သောအကူအညီထောက်ပံ့မှုများ မရရှိခြင်း စသည့်အခက်အခဲများ ရင်ဆိုင်နေရကြောင်းလည်း ဖော်ပြထားသည်။

လူ့အခွင့်အရေးနှင့် လူမှုတရားမျှတရေးမဟာမိတ်(HRSJA)သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ အရက်ဖက်လူမှုအဖွဲ့အစည်း(၁၅) ဖွဲ့တို့ဖြင့် ၂၀၂၀ ခုနှစ်က ဖွဲ့စည်းထားခြင်းဖြစ်သည်။