အမ်းဂိတ်တွင် မွတ်ဆလင် ၁၀ ဦးကို ဖမ်းဆီး

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကံမြင့်ကန်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယမန်နေ့(မတ်လ ၃၁ ရက်) ည ၆ နာရီက မွတ်ဆလင် ၁၀ ဦးကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။

01 Apr 2022

Photo - ရခိုင်နေ့စဉ်

DMG ၊ ဧပြီ ၁

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကံမြင့်ကန်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယမန်နေ့(မတ်လ ၃၁ ရက်) ည ၆ နာရီက မွတ်ဆလင် ၁၀ ဦးကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ဖမ်းဆီးခံရသည့်မွတ်ဆလင် ၁၀ ဦးတွင် ကျား ၄ ဦးနှင့် မ ၆ ဦးပါဝင်သည်။ ၎င်းတို့သည် စစ်တွေမြို့မှ ကစ္စပနဒီခရီးသည်တင်ယာဉ်အောက်မှ ကုန်ပစ္စည်းများထားသောအခန်းတွင် လိုက်ပါလာကြခြင်းဖြစ်ကြောင်း သိရသည်။

“ဖမ်းဆီးရတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ ကျွန်တော် သူတို့ကိုမမေးရသေးဘူး။ ဆယ်တန်းစာမေးပွဲနဲ့ဆိုတော့ အလုပ်လုပ်နည်းနည်းများနေလို့ပါ"ဟု အမ်းမြို့နယ်စခန်းမှူး ဒုရဲမှူးမျိုးကြည်ကပြောသည်။

အမ်းမြို့စစ်ဆေးရေးဂိတ်တွင် ရခိုင်ပြည်ဘက်မှ ပြည်မဘက်သို့သွားသည့် မွတ်ဆလင်များကို မကြာခဏဖမ်းဆီးရမိသည်ဟုလည်း အမ်းမြို့နယ်စခန်းမှူးကဆက်ပြောသည်။

ယခုဖမ်းဆီးမှုတွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်လေးဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၆၇ ဖြင့် အမှုဖွင့်လှစ်ထားပြီး မွတ်ဆလင်များကို လဝကအက်ဥပဒေပုဒ်မ- ၁၃(၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင်နေထိုင်သည့် မွတ်ဆလင်များမှာ အသွားအလာကန့်သတ်ခံရမှုများရှိပြီး အလုပ်အကိုင်ရှားပါးသည့်အတွက် အခြားနေရာများသို့သွားလျှင်လည်း ဖမ်းဆီးခံရမှုများနှင့် ကြုံနေရသဖြင့် အခက်အခက်ရှိကြောင်း ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင်တစ်ဦးဖြစ်သူ မာဟာမတ်နော်ဘီတီက ပြောသည်။

“ကျနော်တို့မှာ ဘယ်နေရာမှသွားလို့မရဘူး။ အလုပ်အကိုင်ရှားပါးတဲ့အတွက် ပြည်ပကိုသွားရင်လည်း အဖမ်းခံရတယ်။ အလုပ်အကိုင်အဆင်မပြေတဲ့သူတို့က သွားချင့်တဲ့နေရာကိုသွားကြတာပေါ့။ အခက်အခဲတွေရှိပါတယ်”ဟု ၎င်းကဆေိုသည်။

ပြီးခဲသည့် မတ်လ ၁၂ ရက်နေ့ကလည်း အမ်းစစ်ဆေးရေးဂိတ်တွင် မွတ်ဆလင်လေးဦးဖမ်းဆီးခံရပြီး ၎င်းတို့မှာ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ- ၆(၂)၊ ၆(၃)ဖြင့် အမှုဖွင့်ခံထားရသည်။
ထိုသို့မွတ်ဆလင်များကို အသွားအလာကန့်သတ်ထားမှုအပြင် ဧပြီလ ၁ ရက်နေ့မှစတင်ပြီး ခရီးသွားလာရာတွင်လည်းကောင်း၊ တည်းခိုနေထိုင်နေရာများတွင်လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့်လုပ်ငန်းများတွင်လည်းကောင်း၊နိုင်ငံသားကတ်(မှတ်ပုံတင်)ပါမှသာလျှင် ခရီးသွားလာခွင့်ပြုမည်ဟု စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် အလုပ်အကိုင်အခွင့်အလမ်းရှားပါးသည့်အတွက် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေသူအများအပြားရှိနေသည်။