ဘူးသီးတောင်တွင် မွတ်ဆလင်အမျိုးသမီးငယ်တစ်ဦးအသတ်ခံရမှုမှ ကျူးလွန်သူကို ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က ဖမ်းဆီးအရေးယူ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စံဂိုးတောင်အုပ်စု၊ ဆင်သေပြင်(မွတ်ဆလင်)ကျေးရွာမှ အသက် ၁၀ အရွယ်မိန်းကလေးငယ်တစ်ဦးအသတ်ခံရမှုတွင် ကျူးလွန်သူကိုဖမ်းဆီးထားပြီး ရဲလုပ်ငန်းဆိုင်ရာကိစ္စများကို ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိကြောင်း ယနေ့(ဖေဖော်ဝါရီ ၇ ရက်)တွင် ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသည်။

07 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၇

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စံဂိုးတောင်အုပ်စု၊ ဆင်သေပြင်(မွတ်ဆလင်)ကျေးရွာမှ အသက် ၁၀ အရွယ်မိန်းကလေးငယ်တစ်ဦးအသတ်ခံရမှုတွင် ကျူးလွန်သူကိုဖမ်းဆီးထားပြီး ရဲလုပ်ငန်းဆိုင်ရာကိစ္စများကို ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိကြောင်း ယနေ့(ဖေဖော်ဝါရီ ၇ ရက်)တွင် ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသည်။

ကျူးလွန်သူမှာ ဆင်သေပြင်ကျေးရွာနေ အဒူဆလာမ် အသက် (၆၅)နှစ်ဖြစ်ပြီး ၎င်းအားဇန်နဝါရီလ(၃၁)ရက်နေ့ ညနေ ၁၀ ကျော်ကဖမ်းဆီးခဲ့ကာ “လူသတ်မှု၊ လုယက်မှု”စသည့် ရာဇဝတ်မှုတို့ဖြင့် ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ မှုခင်းရေးရာသတင်းနှင့်ပြန်ကြားရေးမှ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းသို့ AA မှ အမှုဖြေရှင်းပေးမည့်အပေါ် ဖခင်ဖြစ်သူ ဦးမာမတ်တလင်က “ကျနော့်သမီးက သေသွားပြီဖြစ်တဲ့အတွက် ဘာ မှလုပ်လို့မရတော့ဘူး။ ပြည်သူ့အာဏာပိုင်တွေအနေနဲ့ ပြစ်မှုကျူးလွန်တဲ့သူကို ကျူးလွန်သလို အရေးယူဆောင်ရွက်ပါလို့ပြောချင်ပါတယ်“ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နေ့ နံနက်ပိုင်းက မဇာနှုမှာ နေအိမ်မှ ရွာအပြင်တောသို့ ထင်းခြွေသွားစဉ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ယင်းနောက် မိသားစုဝင်များကလိုက်လံရှာဖွေကြရာ ယင်းနေ့ညနေ ၆ နာရီအချိန်တွင် ကျေးရွာအနီးရှိဥယျာဉ်၌ လည်ပင်းညှစ်ဒဏ်ရာ၊ ကြိုးချည်ဒဏ်ရာများဖြင့် သေဆုံးနေသည့်ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုအမှုတွင် သေဆုံးသွားသူနှင့်အတူ ထင်းခြောက်ကောက်ရန်လိုက်ပါသူ(၃)ဦးအား AA က မေးမြန်းစစ်ဆေးခဲ့ရာ ၎င်းတို့၏ထွက်ဆိုချက်အပါအဝင် မျက်မြင်သက်သေထွက်ဆိုချက်အရ ကျူးလွန်သူကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထို့အတူ ပြစ်မှုကျူးလွန်သူ အဒူဆလာမ်ကလည်း ၎င်းကိုယ်တိုင် လည်ပင်းညှစ်၍သတ်ဖြတ်ခဲ့ပြီး သူမ၏နားနှစ်ဘက်၌ဝတ်ထားသည့် ရွှေနားတောင်းတစ်စုံကိုချွတ်ယူကာ အလောင်းကိုနေရာပြောင်း၍ သစ်ခက်များဖြင့်ဖုံးအုပ်ထားခဲ့သည်ဟု ဝန်ခံထွက်ဆိုခဲ့သည်ဟုလည်း ထုတ်ပြန်ချက်ကဆိုသည်။