- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျည်ထိမှန်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသွားသည့် မောင်တော၊ဂြိတ်ချောင်းရွာသားတစ်ဦးသေဆုံး
လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ပြင်းထန်စွာဒဏ်ရာရှိ၍ စစ်တွေဆေးရုံ၌ ဆေးကုသမှုခံယူနေသော မောင်တောမြို့နယ်၊ဂြိတ်ချောင်း(မြို)ကျေးရွာမှ အသက် ၁၆ နှစ်အရွယ် ကျောင်းသားမှာ ယနေ့ (နိုဝင်ဘာလ ၁၈ ရက်) ၊နံနက် ၂ နာရီခန့်တွင် သေဆုံးသွားသည်။
18 Nov 2022
သေဆုံးသွားသည့်ညီဖြစ်သူအား အစ်ကိုမောင်ရဲလင်းနိုင် ကြည့်ရှုနေစဥ်။
DMG | နိုဝင်ဘာ ၁၈
လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ပြင်းထန်စွာဒဏ်ရာရှိ၍ စစ်တွေဆေးရုံ၌ ဆေးကုသမှုခံယူနေသော မောင်တောမြို့နယ်၊ဂြိတ်ချောင်း(မြို)ကျေးရွာမှ အသက် ၁၆ နှစ်အရွယ် ကျောင်းသားမှာ ယနေ့ (နိုဝင်ဘာလ ၁၈ ရက်) ၊နံနက် ၂ နာရီခန့်တွင် သေဆုံးသွားသည်။
အဌမတန်းကျောင်းသား မောင်ငွေပိုင်(ခေါ်)မောင်ကျော်ဝင်းထွန်းဖြစ်ပြီး စစ်တွေဆေးရုံသို့ ယမန်နေ့ (နိုဝင်ဘာလ ၁၇ ရက်)တွင် လာရောက်ပြီးဆေးကုသမှုခံယူနေစဥ် သေဆုံးသွားသည်။ ၄င်းမှာဦးခေါင်း၊လက်၊ခြေ၊ ရင်ဘတ်တို့တွင် ပြင်းထန်ဒဏ်ရာတို့ကြောင့်သေဆုံးသွားခြင်းဖြစ်သည်။
“၁၇ ရက်နေ့ မနက်၆နာရီကနေ မောင်တောကနေ ဘူးသီးတောင်ကို သွားပါတယ်။ ဘူးသီးတောင်ကနေ စက်လှေငှားပြီး ရေချမ်းပြင်ရောက်တယ်။ ရေချမ်းပြင်ကနေ မေတ္တာရောင်ခြည်(လူမှုကူညီရေးအသင်း)က ကားနဲ့ ခေါ်လာပြီး ၁၁နာရီခွဲလောက်မှာ စစ်တွေဆေးရုံကြီး ရောက်ပါတယ်။ ဆေးကုသမှုခံယူခဲ့သေးတယ်။ ည၁နာရီ၄၅မိနစ်မှာဆုံးသွားပါတယ်” ဟု အစ်ကို ဖြစ်သူမောင်ရဲလင်းနိုင်က DMGသို့ပြောသည်။
၄င်း၏ ရုပ်အလောင်းကို ယနေ့(နိုဝင်ဘာလ ၁၈ ရက်)၊နေ့လယ် ၁ နာရီတွင် စစ်တွေမြို့မသုဿာန်၌ သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
“အလောင်းကိုရွာကို ယူသွားမယ်ဆိုရင်လည်း အခက်အခဲတွေရှိတာကြောင့် အဖေနဲ့တိုင်ပင်ပြီး ဒီမှာပဲသင်္ဂြိုလ်တာကောင်းမယ်ဆိုပြီး သင်္ဂြိုလ်လိုက်တာပါ”ဟု သူကပြောသည်။
ညီဖြစ်သူမှာ သနားစာနာစိတ်ရှိသူဖြစ်ကာ မိဘကိုလည်း အမြဲ ကူညီသူဖြစ်ကြောင်း၊ ညီဖြစ်သူ၏ နာရေးတွင် မိသားစု စုံစုံလင်လင်မရှိသောကြောင့် အလွန်ဝမ်းနည်းရကြောင်း အစ်ကိုဖြစ်သူ မောင်ရဲလင်းနိုင်က ဆက်ပြောသည်။
“ခံစားရတာတော့ အများကြီးခံစားရတယ်။ သူ့ကိုကျနော်အရမ်းသနားတယ်။သူက မိဘတွေကို ကူညီတယ်။ အလုပ်တွေလည်း ကျောင်းကပြန်လာရင်လုပ်တယ်။ နောက်ဆုံးအချိန်မှာ မိဘစုံစုံလင်လင်မရှိနိုင်ခဲ့ဘူး။ မိဘတွေကတော့မောင်တောမှာ ညီလေးနှစ်ယောက် ကျည်ထိပြီး ဆေးရုံတက်တာစောင့်နေပါတယ်။ မိဘတွေလာမယ်ဆိုလည်း အခက်အခဲတွေရှိမှာပါ။ မိသားစုဝင်ထဲက ကျနော်တစ်ယောက်တည်းနဲ့ သူ့ကို သင်္ဂြိုလ်လိုက်တာပါ”ဟု သူကပြောသည်။
လက်ရှိတွင် ဒဏ်ရာရရှိသွားသည့် အခြားတစ်ဦးမှာလည်း စစ်တွေဆေးရုံ၌ အရေးပေါ်ကုသမှုခံယူနေရကာ ဆေးဝါးကုသရန်ငွေကြေးအကူအညီလိုအပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့၊မွန်းလွဲ ၁၂ နာရီခွဲခန့်က ဂြိတ်ချောင်း(မြို) ကျေးရွာသို့ လက်နက်ကြီးဖြင့် အပစ်ခံရသဖြင့် ရွာသား ၁၁ ဦးသေဆုံးကာ ၂၇ ဦးဒဏ်ရာရရှိသွားသည်။ ယခုစစ်တွေဆေးရုံတွင်သေဆုံးသွား သူတစ်ဦးနှင့်ဆိုလျှင် သေဆုံးသူ ၁၂ ဦးအထိ ရှိလာသည်။
ထိုပစ်ခတ်မှုမှာ မြန်မာစစ်တပ်လက်ချက်ဟု ဒေသခံများက ဆိုကြသည်။
မြန်မာစစ်တပ်ဘက်ကလည်း ဒေသခံများ၏ ပြောဆိုချက်ကို ပယ်ချလိုက်ပြီး ၄င်းတို့လက်ချက်မဟုတ်ဟုငြင်းဆို သည်။ ”AA ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ”ထိုသို့ သေဆုံး၊ဒဏ်ရာရခြင်းဟု ယမန် နေ့က ထုတ်ပြန်ထားသည်။
သို့ရာတွင် ထိုပစ်ခတ်မှုမှာ မောင်တောမြို့နယ် နခခ(၇)မှ လက်နက်ကြီးများဖြင့် တမင်တကာရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဒေသခံများသေဆုံး၊ဒဏ်ရာရရှိသွားရခြင်းဟု ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။