- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မောင်တောတွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံနှစ်ဦးသေဆုံး
မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာနှင့် ငန်းချောင်း(မွတ်ဆလင်)ကျေးရွာအကြားတွင် ယမန်နေ့(ဖေဖော်ဝါရီလ ၇ ရက်) ညနေ ၁၁ နာရီကျော်ခန့်က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးသေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
08 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၈
မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာနှင့် ငန်းချောင်း(မွတ်ဆလင်)ကျေးရွာအကြားတွင် ယမန်နေ့(ဖေဖော်ဝါရီလ ၇ ရက်) ညနေ ၁၁ နာရီကျော်ခန့်က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးသေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
အဆိုပါတိုက်ပွဲဖြစ်ပွားမှုမှာ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြင်းထန်စွာတိုက်ခိုက်ခဲ့ကြသည်ဟုသိရသည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားနေသည့်နေရာအနီးတွင် ကားတစ်စီးဖြတ်သန်းသွားလာစဉ် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် စီးနင်းလာသည့် အမျိုးသမီးတစ်ဦးနှင့် ယာဉ်မောင်းဖြစ်သူ အမျိုးသားတစ်ဦးတို့ သေဆုံးသွားသည်ဟု ဖားဝပ်ချောင်းကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက DMG သို့ပြောသည်။
“သူတို့တွေမှာ ခြေထောက်တွေ၊ ခေါင်းတွေမှာ ကွဲပြဲလို့တွေ့ရတယ်။ မိုင်းထိလို့သေတယ်လို့ကြားရတယ်။ သူတို့စီးနင်းလာတဲ့ကားကတော့ ရှေ့ကကားခေါင်းတွေပွင့်ထွက်သွားပြီး တာယာတွေပေါက်ထွက်သွားတယ်”ဟု ၎င်းကဆိုသည်။
သေဆုံးသွားသည့်အမျိုးသမီးမှာ အသက် ၅၀ ကျော်အရွယ် ဒေါ်စောခင်လှဆိုသူဖြစ်ပြီး ဖားဝပ်ချောင်းကျေးရွာမှဖြစ်သည်။ ၎င်းသည် သစ်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး ယမန်နေ့ညက မောင်တောဘက်သို့ သစ်ပို့ရန်သွားစဉ် စီးနင်းလာသည့်ကား မိုင်းဆွဲတိုက်ခိုက်ခံရခြင်းကြောင့် ယာဉ်မောင်းလည်းသေဆုံးသွားသည်။ ယာဉ်မောင်းမှာ ငန်းချောင်း(မွတ်ဆလင်)ကျေးရွာမြှဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ သေဆုံးမှုများရှိလာနေသဖြင့် တိုက်ပွဲဖြစ်ပွားရာအနီးမှဒေသခံများမှာလည်း အသက်အန္တရာယ် စိုးရိမ်လျက်ရှိကြသည်။ လက်ရှိတွင် ဒေသခံများမှာ ရွာပြင်ပသို့သွားလာရန်ပင် ကြောက်ရွံ့နေကြသည်ဟု ဖားဝပ်ချောင်းကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
“မနေ့ညကတိုက်ပွဲဖြစ်တော့ တစ်ညလုံးအိပ်မရဘူး။ ဂျိန်းဆိုတဲ့အသံကြားရတော့ အရင်တုန်းကလို မိုင်းပေါက်ကွဲတယ်ထင်တာပေါ့။ အရင်တုန်းကတော့ ဟိုနေရာ၊ဒီနေရာမှာ မိုင်းပေါက်ကွဲသံတွေကြားရတယ်ဆိုတော့ အခုလည်းမိုင်းပေါက်တယ်လို့ထင်တာပဲ။ နောက်ခဏနေတော့ သေနတ်အဆက်အပြတ်ပစ်ခတ်သံတွေကြားရလာပြီ။ ဒီလိုတစ်ခါမှာ မကြုံဖူးတော့ သားသမီးတွေနဲ့အတူ အိမ်အောက်မှာဝပ်နေကြတယ်”ဟု ၎င်းကဆိုသည်။
ယမန်နေ့ကဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်ဘက်သို့ မေးမြန်းနေဆဲဖြစ်သည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်မှ စတင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလပထမပတ်တွင် နားလည်မှုဖြင့် အပစ်အခတ်ရပ်တန့်ခဲ့သည်။ သို့သော်လည်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် မောင်တောမြို့နယ်မြောက်ပိုင်း၌ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့သည်။
လက်ရှိ မောင်တောမြောက်ပိုင်းတွင် နှစ်ဖက်စစ်ရေးတင်းမာနေပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့မှစတင်ကာ လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်။ မြန်မာစစ်တပ်ဘက်မှ စစ်ရေးလှုပ်ရှားမှု၊ ထိုးစစ်ဆင်လှုပ်ရှားမှုအပေါ်မူတည်ပြီး တိုက်ပွဲဖြစ်ပွားလာမည်ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက DMG သို့ပြောဆိုထားသည်။