ပလက်ဝတွင် လက်နက်ကြီးထိမှန်ပြီး ကျောင်းသားနှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရ

ပလက်ဝမြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ယနေ့(သြဂုတ်လ ၂ ရက်)နံနက်ပိုင်းက စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ကျောင်းသားနှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

02 Aug 2022

DMG ၊ သြဂုတ် ၂

ပလက်ဝမြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ယနေ့(သြဂုတ်လ ၂ ရက်)နံနက်ပိုင်းက စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ကျောင်းသားနှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

တုံးမဝကျေးရွာရှိ အလယ်တန်းကျောင်းမှာ ကျောင်းတက်၍ပြန်လာသည့် ကျောင်းသား ၂၀ ခန့်သည် ၎င်းတို့နေထိုင်ရာ ရဲမဝကျေးရွာသို့ စက်လှေဖြင့်ပြန်လာစဉ် ညနေ ၃ နာရီခွဲခန့်တွင် နှမဒါချောင်းဝတွင် လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။ လက်နက်ကြီးကျည်မှာ နှမဒါရွာဘုရားကုန်းဘက်မှ ကျရောက်လာခြင်းဖြစ်ပြီး ယင်းနေရာတွင် မြန်မာစစ်တပ်က တပ်စွဲထားသည်ဟု ဒေသခံများကပြောသည်။

“နှမဒါဘက်ကနေပြီးပစ်တာပါ။ နှစ်ယောက်တော့ ပွဲချင်းပြီးပါ။ သေတဲ့နှစ်ယောက် ရွာမှာထားပြီး ကျန်တဲ့ဒဏ်ရာရတဲ့လူတွေကို ပလက်ဝကိုလာဖို့လုပ်နေတုန်း နောက်ထပ်သေနတ်ငယ်တွေနဲ့ ပစ်တယ်လို့ကြားပါတယ်။ နှမဒါရွာဘုရားကုန်းကနေ လှမ်းပစ်ကြတာပါ။ ဒဏ်ရာရတဲ့တစ်ယောက်တောင် ပလက်ဝကို ရောက်မလား၊ မရောက်ဘူးလား ခန့်မှန်းလို့မရသေးပါဘူး။ ရဲမဝတစ်ရွာတည်းက ကျောင်းသားလေးတွေပါ“ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထိုသို့ လက်နက်ကြီးထိမှန်ပြီး ကျောင်းသားများသေဆုံးဒဏ်ရာ ရရှိမှုနှင့်ပတ်သက်၍ မြန်မာစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ပလက်ဝမြို့တွင် ယနေ့နံနက်ပိုင်းမှစတင်ကာ ညနေ ၃ နာရီခွဲခန့်ကြာအထိ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ ပလက်ဝမြို့ အရှေ့ဘက် ကင်းချောင်းရွာနှင့် သူဌေးကုန်းတောင်(နွားတောင်) တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးသံ အချက် ၆၀ ခန့်နှင့် လက်နက်ငယ်သံများကြားရကြောင်း ဒေသခံများကပြောသည်။     

မောင်တောမြို့နယ်မြောက်ပိုင်း မိုင်တိုင်အမှတ် ၄၀ အနီးတွင်လည်း ယနေ့သြဂုတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီနှင့် ၁၁ နာရီကြားတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။