ရခိုင်နှင့် ပလက်ဝတွင် စက်တင်ဘာလအတွင်း မြေမြုပ်မိုင်းနှင့် စက်လက်နက်ပစ္စည်းများကြောင့် သေဆုံးသူ ၃ ဦးနှင့် ဒဏ်ရာရသူ ၂၃ ဦးရှိခဲ့

မြေမြုပ်မိုင်းနှင့် စက်လက်နက်ပစ္စည်းများကြောင့် သေဆုံး၊ ဒဏ်ရာရသူများမှာ အမျိုးသမီး ၇ ဦးနှင့် အမျိုးသား ၁၉ ဦးဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် ထိခိုက်မှု ၂၇ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြပြီး ၇၃ ရာခိုင်နှုန်းမှာ အမျိုးသားဖြစ်ကြသည်ဟု DMG မှပြုစုထားသည့် အချက်အလက်များအရ သိရသည်။

By Admin 20 Oct 2022

ရခိုင်နှင့် ပလက်ဝတွင် စက်တင်ဘာလအတွင်း မြေမြုပ်မိုင်းနှင့် စက်လက်နက်ပစ္စည်းများကြောင့် သေဆုံးသူ ၃ ဦးနှင့် ဒဏ်ရာရသူ ၂၃ ဦးရှိခဲ့

ရခိုင်တွင် မိုင်းနင်းမိသူ တစ်ဦးအား လူနာတင်ယာဉ်ပေါ်သို့ သယ်ယူနေစဉ်။

DMG ၊ အောက်တိုဘာ ၂၀

ရခိုင်ပြည်အတွင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တစ်ကျော့ပြန် တိုက်ပွဲဖြစ်လာသည်နှင့်အမျှ စက်တင်ဘာလ တစ်လအတွင်း မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် သေဆုံးသူ ၃ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၂၃ ဦးထိရှိကြောင်း DMG က ပြုစုထားသည့် အချက်အလက်များအရ သိရသည်။

မင်းပြား၊ စစ်တွေ၊ ကျောက်တော်၊ ဘူးသီးတောင်၊ မြောက်ဦးနှင့် ပလက်ဝမြို့နယ်တို့တွင် ထိုသို့သေဆုံး၊ ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများမှာ စစ်တွေ၊ မင်းပြား၊ မြောက်ဦးမြို့နယ်တို့မှဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များ၏ သေနတ်ပစ်ခတ်မှုကြောင့် စစ်တွေမှ မွတ်ဆလင်အမျိုးသားတစ်ဦးသေဆုံးကာ ကျန်နှစ်မြို့နယ်မှ ဒေသခံနှစ်ဦးမှာ မြေမြုပ်မိုင်းကြောင့် သေဆုံးသွားခြင်းဖြစ်သည်။

ထို့ပြင် ဒဏ်ရာရရှိသူ ၂၃ ဦးမှာ မင်းပြား၊ ကျောက်တော်၊ ပလက်ဝ၊ ဘူးသီးတောင်၊ မြောက်ဦးမြို့နယ်တို့မှဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ထိမှန်မှုကြောင့် ၁၉ ဦးနှင့် မြေမြုပ်မိုင်းကြောင့် ၄ ဦးတို့ဖြစ်သည်။ ထိခိုက်မှု အများဆုံးမြို့နယ်မှာ မင်းပြားမြို့နယ်မှဖြစ်ပြီး သေဆုံးသူ တစ်ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးအထိ ရှိခဲ့သည်။ ဒုတိယ ထိခိုက်မှုအများဆုံးမြို့နယ်မှာ ကျောက်တော်မြို့နယ်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ၄ ဦးရှိခဲ့သည်။

မြေမြုပ်မိုင်းနှင့် စက်လက်နက်ပစ္စည်းများကြောင့် သေဆုံး၊ ဒဏ်ရာရသူများမှာ အမျိုးသမီး ၇ ဦးနှင့် အမျိုးသား ၁၉ ဦးဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် ထိခိုက်မှု ၂၇ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြပြီး ၇၃ ရာခိုင်နှုန်းမှာ အမျိုးသားဖြစ်ကြသည်ဟု DMG မှပြုစုထားသည့် အချက်အလက်များအရ သိရသည်။

တကျော့ပြန် တိုက်ပွဲဖြစ်ပွားလာသည်နှင့် ဒေသခံများမှာ တိုက်ပွဲ နောက်ဆက်တွဲအဖြစ် မိုင်းအန္တရာယ်နှင့် စစ်လက်နက်အန္တရာယ်တို့ကို ခံစားလာရပြီး နိုင်ငံရေးအရ ဆွေးနွေးစကားပြောရမည့် အခြေအနေတစ်ခုသို့ရောက်လျှင် ပြည်သူများ ခံစားနေရသည့် အန္တရာယ်ကို ဖြေလျော့သွားနိုင်မည်ဖြစ်ကြောင်း ကျောက်တော်မြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဦးထွန်းဝင်းက ပြောသည်။

“ဒီဟာတွေကတော့ လျော့ချဖို့အတွက်ဆိုရင် အခြေခံအားဖြင့် နံပါတ်တစ်ကတော့ နိုင်ငံရေးဘက်ကို ဒီဂရီမြှင့်နိုင်အောင် စဉ်းစားကြရမယ်။ အဲဒီဘက်ကိုအာရုံစိုက်နိုင်ရင် တစ်နည်းအားဖြင့် နိုင်ငံရေးအရ ဆွေးနွေးစကားပြောလို့ရတဲ့ အခြေအနေတစ်ခုရောက်တယ်ဆိုလို့ရှိရင် ဒီကိစ္စရပ်တွေကတော့ သူ့အလိုလို ပြေလျော့သွားမယ့်ကိစ္စပဲ။ အရေးကြီးဆုံးကတော့ နိုင်ငံရေးအရ စကားပြောနိုင်တဲ့အခြေအနေတစ်ခုကို သွားနိုင်ရင် ပိုကောင်းမယ်ပေါ့။ အာလုံးပြည်သူတွေလည် ထိခိုက်နစ်နာမှု အနည်းဆုံးရှိလာနိုင်ပြီးရင် နှစ်ဘက်မှာရှိတဲ့ လက်နက်ကိုင်တဲ့သူတွေလည်း အသေအပျောက်နည်းသွားမယ်”ဟု သူကပြောသည်။

လက်ရှိတွင် မြေမြုပ်မိုင်းအန္တရာယ်နှင့်အတူ တကျော့ပြန်တိုက်ပွဲများကြောင့် လက်နက်ကြီး၊ လက်နက်ငယ် အန္တရာယ်များကိုလည်း ဒေသခံများစိုးရိမ်နေကြရသည်ဟု ကျောက်တော်ဒေသခံတစ်ဦးက DMG သို့ပြောသည်။

“အရင်ကဆိုရင် နယ်ဘက်တွေမှာ တိုက်ပွဲတွေဖြစ်ပြီး လက်နက်ကျည်ထိတာတို့၊ မိုင်းထိတာတို့ ကြားဖူးတယ်။ အခုဆိုရင် မြို့ပေါ်အထိ လက်နက်ကျည်ထိတာတို့ဖြစ်လာပြီ။ ညကျရင် လက်နက်ကြီးပစ်မလား၊ လေယာဉ်တွေကလည်း ဝဲနေလို့ ညတောင်မအိပ်ရဲဘူး။ ကျမတို့ ကိုယ့်အိမ်မှာကိုယ်နေတာတောင် အသက်လုံခြုံမှု မရှိတော့သလို ခံစားနေရတယ်။ ကိုယ့်အိမ်ပေါ်ကိုယ်နေပြီး လက်နက်ကြီးကျလာမှာကိုလည်း စိုးရိမ်ရတယ်”ဟု သူကပြောသည်။

သြဂုတ်လမှ စတင်ဖြစ်ပွားလာသော မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ရေးပဋိပက္ခကြောင့် ဒဏ်ရာရ၊သေဆုံးသူဦးရေမှာ တဖြည်းဖြည်းမြင့်တက်လာသည်။ ထို့ပြင် သြဂုတ်လမှ အောက်တိုဘာလ ၁၁ ရက်နေ့အထိ ရခိုင်နှင့် ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၁၆၀၀၀ ကျော် ရှိလာသည်။

ထို့ကြောင့် ယခင်နှင့် လက်ရှိ စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးရသူ စုစုပေါင်း ၉၀၀၀၀ ကျော်အထိရှိလာပြီဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က အောက်တိုဘာလ ၁၉ ရက်နေ့က ထုတ်ပြန်ထားသည်။