- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြန်မာစစ်တပ်မှဖမ်းဆီးထားစဉ် သေဆုံးသွားသူများကိစ္စ စစ်ဆေးနေသည်ဟုဆိုသော်လည်း သုံးနှစ်နီးပါးကြာသည့်တိုင် ရလာဒ်မထွက်ပေါ်လာသေး
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲကာလအတွင်း သံသယဖြင့်ဖမ်းဆီးခံရသူ (၂၂)ဦးခန့်မှာ စစ်ကြောရေးကာလအတွင်း သေဆုံးမှုများရှိခဲ့သဖြင့် ခုံရုံးဖွဲ့ပြီးစုံစမ်းစစ်ဆေးနေသည်ဟု ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကတည်းက ထုတ်ပြန်ခဲ့သော်လည်း သုံးနှစ်နီးပါးကြာသည့်တိုင် စုံစမ်းစစ်ဆေးမှုရလာဒ်များ ထွက်ပေါ်မလာသေးပေ။
03 Mar 2022
DMG ၊ မတ်လ ၃
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲကာလအတွင်း သံသယဖြင့်ဖမ်းဆီးခံရသူ (၂၂)ဦးခန့်မှာ စစ်ကြောရေးကာလအတွင်း သေဆုံးမှုများရှိခဲ့သဖြင့် ခုံရုံးဖွဲ့ပြီးစုံစမ်းစစ်ဆေးနေသည်ဟု ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကတည်းက ထုတ်ပြန်ခဲ့သော်လည်း သုံးနှစ်နီးပါးကြာသည့်တိုင် စုံစမ်းစစ်ဆေးမှုရလာဒ်များ ထွက်ပေါ်မလာသေးပေ။
ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်း ဒေသခံများသေဆုံးမှုဖြစ်ပေါ်လာသောကြောင့် ဝေဖန်မှုများထွက်ပေါ်လာပြီး နောက်ပိုင်းတွင် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်း၍ ဇူလိုင်လ ၁၂ ရက်နေ့မှစတင်ကာ စစ်ဆေးသွားမည်ဟု မြန်မာစစ်တပ်ကထုတ်ပြန်ခဲ့သည်။
စုံစမ်းစစ်ဆေးမည်ဟုထုတ်ပြန်ခဲ့ပြီးနောက် မြန်မာစစ်တပ်က အဆိုပါကျေးရွာများသို့ လာရောက်စစ်ဆေးခြင်းမရှိခဲ့ဟု DMG နှင့်အဆက်အသွယ်ရရှိခဲ့သည့် မိသားစုဝင်များကပြောကြသည်။ သေဆုံးသွားသည့်မိသားစုဝင်များကမူ တရားမျှတမှုလိုချင်သည်ဟု ဆိုကြသည်။
“သေသွားသူတွေအတွက် ရသင့်ရထိုက်တဲ့ တရားမျှတမှုကိုတော့လိုချင်တယ်။ ဒီနေ့အထိတော့ ဘာမှမထူးခြားလာသေးဘူး” ဟု လက္ကာကျေးရွာမှ သေဆုံးသွားသူတစ်ဦး၏ဇနီးဖြစ်သူက DMG သို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလတွင် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၀ ကျော်မှာ AA နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးစစ်ဆေးခံနေရစဉ် သုံးဦးသေဆုံးသွားခဲ့သည်။ ထိုသို့သေဆုံးသွားသည့် သုံးဦး၏အလောင်းကို မိသားစုများမြင်တွေ့ခွင့်ပမရလိုက်ဟု အထက်ပါအမျိုးသမီးကပြောသည်။
“သူတို့နဲ့ဖမ်းသွားတဲ့သူတွေအကုန် ရဲစခန်းကိုရောက်တယ်။ သူတို့ ၃ ယောက်ကပါမလာဘူး။ ဘယ်နေရာမှာရှိမှန်းလဲမသိရဘူး။ သေသွားရင်တောင် မိသားစုတွေအနေနဲ့ အလောင်းတောင်မြင်ခွင့်မရခဲ့ဘူး။ သူတို့ဘယ်လိုဖြစ်သွားသလဲဆိုတာကို မိသားစုတွေအနေနဲ့ကတော့ သိချင်တာပေါ့”ဟု ၎င်းကဆိုသည်။
ထို့ပြင် မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ကျေးရွာမှ ကိုဇော်ဝင်းလှိုင်မှာလည်း စစ်တပ်ကဖမ်းဆီးစစ်ဆေးစဉ်အတွင်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ်သေဆုံးသွားခဲ့သည်။
အလွန်ညှင်းပန်းနှိပ်စက်မှုဒဏ်ခံခဲ့ရသောကြောင့် သေဆုံးသွားခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူကဆိုသည်။
“ကျွန်မသားကပန်းရံလုပ်ပြီး ပြန်လာတဲ့လမ်းမှာအဖမ်းခံခဲ့ရတာ။ ဖမ်းထားတဲ့အချိန်တွင်းမှာလည်း အရမ်းနှိပ်စက်ခံခဲ့ရတယ်။ မိသားစုတွေနဲ့လည်း တွေ့ခွင့်မပေးခဲ့ဘူး။ နောက်ဆုံးသူသွေးအရမ်းအန်ပြီး သေလုမျောပါးဖြစ်နေတဲ့အချိန်ကျမှ ဆေးရုံမှာတွေ့ခွင့်ရခဲ့တာ။ တစ်ကိုယ်လုံးမှာဒဏ်ရာတွေချည်းပဲ”ဟု မိခင်ဖြစ်သူ ဒေါ်သိန်းနုစိန်က ပြောသည်။
၎င်းက ဆက်လက်ပြီး “ဒါတောင် တပ်မတော်ဖက်က သူ့တို့ကြောင့်လသေဆုံးရတာမဟုတ်ဘူးဆိုပြီးငြင်းခဲ့ကြတယ်။ ကျွန်မသားလေးဟာ ဝေဒနာတွေအရမ်းခံစားပြီး သေသွားရရှာတာ။ ဒါတွေကို အထက်လူကြီးတွေသိစေချင်တယ်။ ကျန်ခဲ့တဲ့ မိသားစုဝင်တွေကို တရားမျှတမှုရအောင် အရေးယူဆောင်ရွက်တာတွေလုပ်ပေးစေချင်တယ်”ဟု ဆိုသည်။
မြန်မာစစ်တပ်အနေဖြင့် စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ပးမည်ဟု စကားအားဖြင့်ပြောဆိုခဲ့သော်လည်း ယခုအချိန်အထိ တစ်စုံတစ်ရာလုပ်ဆောင်ပေးခြင်းမရှိသည်မှာ တိုက်ပွဲကာလအတွင်းတွင် ပြည်သူများအား ဝတ်ကျေတန်းကျေပြောကာ နှစ်သိမ့်ပေးခြင်းသာဖြစ်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက သုံးသပ်သည်။
“သူတို့ဖက်က အမြဲတမ်းပြောနေကျစကားက သူတို့မှာ အပြစ်မရှိဘူး။ ဒီလူတွေကသာ အေအေတပ်ဖွဲ့နဲ့ဆက်စပ်တယ်။ အေအေတပ်ဖွဲ့ရဲ့အမာခံတွေဆိုပြီး စွပ်စွဲဖြေရှင်းခဲ့တာတွေပဲတွေ့ရတယ်။ တပ်မတော်အနေနဲ့ ဒါတွေဟာမှားသွားပါတယ်။ အရပ်သားတွေမှာ အပြစ်မရှိပါဘူးလို့ရှင်းလင်းခဲ့တာ တစ်ခါမှမရှိဘူး။ ပြည်သူတွေဖက်ကိုပဲ အပြစ်ပုံချပြီး သူတို့လုပ်ရပ်တွေကို ကာကွယ်ခဲ့တယ်။ သူတို့သာ တကယ်စုံစမ်းပေးချင်တယ်ဆိုရင် ၂ နှစ်ဆိုတဲ့အချိန်တွင်းမှာ ကြိုက်သလိုလုပ်လို့ရတယ်။ ဒါပေမယ့် ဒီနေ့ဒီချိန်ထိ ဘာမှမလုပ်တာကိုကြည့်ခြင်းအားဖြင့် သူတို့ဖက်က တာဝန်ကျေပြောခဲ့တဲ့စကားပဲဖြစ်တယ်”ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခု နှစ်ကုန်ပိုင်းမှစတင်ကာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ၂၀၂၀ ခု နိုဝင်ဘာလပထမပတ်အထိ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းကာလတွင် AA နှင့်ပတ်သက်သည်ဟုဆိုကာ ဒေသခံအများအပြားကို စစ်တပ်ကဖမ်းဆီးခဲ့သည်။
ထိုသို့ ဖမ်းဆီးစစ်ဆေးနေစဉ်ကာလအတွင်း လက္ကာကျေးရွာမှ သုံးဦးအပြင် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှ ဒေသခံများ(၈)ဦး၊ မင်းပြားမြို့နယ်၊ ပန်မြောင်းကျေးရွာ၊ သပေါ့စာတဲစု၊ မင်းသားတောင်၊ မြောက်ဦး စသည့်မြို့နယ်များမှ ဒေသခံ ၂၂ ဦးခန့် သေဆုံးသွားခဲ့သည်။
မြန်မာစစ်တပ်သည် ၎င်းတို့သေဆုံးရခြင်းမှ မိမိတို့နှင့်သက်ဆိုင်ခြင်းမရှိဟု သေဆုံးမှုဖြစ်ရပ်တစ်ခုစီတိုင်းမှာ ငြင်းချက်ထုတ်ခဲ့သည်။ စုံစမ်းစစ်ဆေးနေသည့်ကိစ္စများနှင့်ပတ်သက်ပြီး အခြေအနေအသေးစိတ်အားသိရှိရန်အတွက် မြန်မာစစ်တပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။