ဆင်းရဲမှုဘဝကနေ အောင်မြင်ကျော်ကြားနေသည့် ပုဂ္ဂိုလ်တို့၏ ဘဝဇာတ်ကြောင်းများကို ရခိုင်စာရေးဆရာတစ်ဦး စာအုပ်ထုတ်ဝေ

ရခိုင်ပြည် အခြေစိုက် စာရေးဆရာတစ်ဦးဖြစ်သူ အောင်ကြည်မိုး (သင်းပုန်းတန်း) မှ ဒုတိယအကြိမ်မြောက် ထွက်ရှိလာသည့် “ယုံကြည်ရာ ဆက်လျှောက်ခဲ့သူတို့ ဘဝကောက်ကြောင်း” စာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက် (ယနေ့) မွန်းလွဲ  ၂ နာရီခန့်က စစ်တွေမြို့ မင်္ဂလာပါ မိုတယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။

25 Nov 2021

DMG ၊ နိုဝင်ဘာ ၂၅

ရခိုင်ပြည် အခြေစိုက် စာရေးဆရာတစ်ဦးဖြစ်သူ အောင်ကြည်မိုး (သင်းပုန်းတန်း) မှ ဒုတိယအကြိမ်မြောက် ထွက်ရှိလာသည့် “ယုံကြည်ရာ ဆက်လျှောက်ခဲ့သူတို့ ဘဝကောက်ကြောင်း” စာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက် (ယနေ့) မွန်းလွဲ  ၂ နာရီခန့်က စစ်တွေမြို့ မင်္ဂလာပါ မိုတယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားကို ရခိုင်ပြည် အခြေစိုက် စာရေးဆရာ၊ ကဗျာဆရာနှင့် စာပေဝါသနာရှင်များမှ  တက်ရောက်ခဲ့ကြသည်။

စာအုပ်ထုတ်ဝေရခြင်းနှင့် ပတ်သက်၍ စာရေးဆရာ အောင်ကြည်မိုး(သင်းပုန်းတန်း) က ရခိုင်တွင်အောင်မြင်နေသည့်လူများရှိသည်ကို သိစေချင်ပြီး ဆင်းရဲသည့် ဘဝကနေ အောင်မြင်သည့် သူများ ဖြစ်လာသည်ကို လူငယ်များ သိရှိလာပြီး အတုယူစေလိုသည့်အတွက် အဆိုပါ စာအုပ်ကို ထုတ်ဝေဖြန့်ချီရခြင်းဖြစ်ကြောင်း စာအုပ်မိတ်ဆက်ပွဲမှာ ပြောကြားခဲ့သည်။

“လူငယ်တွေ အတုယူဖို့အတွက်ပါ။ နောက်တစ်ခုက ဆရာညိုသန့်တို့လို ဆရာတွေ၊ ရခိုင်မှာ ဒီလိုဆရာကောင်းတွေ ရှိပါလားပေါ့။ ပြီးတော့ စွန့်ဦးတီထွင်လုပ်ငန်း ပညာရှင်အမျိူးသမီး ဟေမာစံ၊ ရခိုင်မှာ စွန့်ဦးတီထွင်လုပ်ငန်းတွေ နည်းတယ်။ ဒီလိုလုပ်ငန်းတွေကိုလည်း ကမ္ဘာက အားပေးလာအောင် ရည်မှန်းချက်ပါ။”ဟု သူကပြောသည်။

ယခုထွက်ရှိလာသည့် စာအုပ်တွင် ရခိုင်လူမျိုးများထဲမှ ထူးချွန်ထက်မြက်သူ ၁၅ ဦး၏ ဘဝကောက်ကြောင်းများကို ရေးသားထားခြင်းဖြစ်သည်။

“ယုံကြည်ရာ ဆက်လျှောက်ခဲ့သူတို့ ဘဝကောက်ကြောင်း” စာအုပ်ထွက်ရှိလာသည့်အပေါ်မှာ လူငယ်စာရေးဆရာတစ်ဦးဖြစ်သည့် စာရေးဆရာဝေဟင်အောင်ကလည်း သူ၏အမြင်ကို ပြောပြခဲ့သည်။
“ကျွန်တော်တို့ ရခိုင်စာပေနယ်ပယ်ဆိုတာက နေရာကျဉ်းကျဉ်းလေးပဲဖြစ်တယ်၊ တစ်နှစ်နေလို့ စာအုပ်တစ်အုပ် မထွက်နိုင်ဘူး၊ ဒီရပ်ဝန်းထဲမှာ ဒီလိုစာအုပ်တစ်အုပ်ထွက်တယ်ဆိုတာ ကျွန်တော်တို့ ရခိုင်စာပေနယ်အတွက်လည်း ကျေးဇူရှိသလို စာဖတ်တဲ့သူတွေအတွက်လည်း ဒီစာအုပ်ဟာ တစ်စုံတစ်ရာ အကျိုးရှိလိမ့်မယ်လို့ ကျွန်တော်မြင်တယ်ဗျ၊  ရခိုင်ပြည်က ခေတ်အဆက်ဆက် စာပေထွန်းကားခဲ့တယ် ၊ လက်ရှိမှာလည်း စာပေကို သယ်ဆောင်လာတဲ့   စာ‌ရေးဆရာတွေ ပေါ်လာတယ်ဆိုတော့ ကျွန်တော်တို့အတွက် တော်တော်လေး ဝမ်းသာစရာဖြစ်တယ်၊ ကျွန်တော်တို့ကြိုဆိုတယ် ဂုဏ်လည်းယူတယ် ”  ဟုစာရေးဆရာ ဝေဟင်အောင်က ပြောကြားသည်။

စာရေးဆရာ အောင်ကြည်မိုး (သင်းပုန်းတန်း) သည် ယခုစာအုပ်မတိုင်မီကလည်း “နေဝင်ညကို ကျော်ဖြတ်ကြသူများ” ဆိုသည့် စာအုပ်ကို ရေးသားထုတ်ဝေထားသည်။

ခေတ်လူငယ်များအနေဖြင့် စာဖတ်မှုနှုန်းလျော့ကျလာသည့် အပေါ်တွင်လည်း အခမ်းအနားသို့ တက်ရောက်သည့် စာရေးဆရာ လေးဝတီထွန်းစောခိုင်က ဝေဖန် ထောက်ပြခဲ့သည်။

“လူငယ်ဆိုတာ အဆိုးအကောင်းကို သေချာမခွဲခြားတတ်တဲ့ အရွယ်ဖြစ်လို့ မကောင်းသော ညစ်ညမ်းစာပေများကို ဖတ်ပြီး မကောင်းသောအလုပ်၊ ဒုစရိုက်နယ်ပယ်များကိုရောက်သွားမည့်အစား  Facebook ကြည့်ရုံသာမက တခြားသော သက်ဆိုင်ရာ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး ကိုလည်းလေ့လာသင့်ကြောင်း၊ “ဖတ် မှတ် ဖြစ်အောင်လုပ်” ဆိုတဲ့ဆောင်ပုဒ်နှင့်အညီ  ပြုမှုနေထိုင်သင့်ကြောင်း ” ဟု မကောင်းသော ဒုစရိုက်လုပ်ငန်းများကို ရှောင်ရှားပြီး နေထိုင်သင့်ကြောင်း ပြောခဲ့သည်။       

စာရေးဆရာ အောင်ကြည်မိုး (သင်းပုန်းတန်း) သည် ရခိုင်အခြေစိုက် သတင်းမီဒီယာများတွင် သာမက ပြည်မရှိ မီဒီယာများတွင်လည်း ဆောင်းပါးများကို စဉ်ဆက်မပြတ်ရေးသားနေသည့် စာရေးဆရာတစ်ဦး ဖြစ်သည်။