ရမ်းဗြဲမြို့ အောက်စီဂျင်တည်ဆောက်နေသည့်မြေနေရာတွင် ပိုင်ရှင်သဘောဆန္ဒမပါဘဲ တည်ဆောက်ခြင်းမလုပ်ကြရန် ရခိုင်ပြည်အမျိုးသားကောင်စီထုတ်ပြန်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် အောက်စီဂျင်စက်ရုံတည်ဆောက်နေသည့်မြေနေရာတွင် ပိုင်ရှင်သဘောဆန္ဒမပါဘဲ တည်ဆောက်ခြင်းမလုပ်ကြရန် ရခိုင်ပြည်အမျိုးသားကောင်စီ(ANC/AA)မှ သြဂုတ်လ ၃၁ ရက်နေ့က သဘောထားထုတ်ပြန်လိုက်သည်။

01 Sep 2021

DMG ၊ စက်တင်ဘာ ၁

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် အောက်စီဂျင်စက်ရုံတည်ဆောက်နေသည့်မြေနေရာတွင် ပိုင်ရှင်သဘောဆန္ဒမပါဘဲ တည်ဆောက်ခြင်းမလုပ်ကြရန် ရခိုင်ပြည်အမျိုးသားကောင်စီ(ANC/AA)မှ သြဂုတ်လ ၃၁ ရက်နေ့က သဘောထားထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် သမိုင်းစဉ်ဆက် ကမန်လူမျိုးများနေထိုင်လာသည့်နေရာများဖြစ်သည့်အတွက် ယင်းစီမံကိန်းများသည့် မြို့နယ်တစ်ခု၏ ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့အင်္ဂါရပ်နှင့်ညီညွတ်ရေးတို့အတွက် အရေးပါသည်မှာမှန်သော်လည်း ခေတ်အဆက်ဆက် ကမန်လူမျိုးများသစ္စာသိတတ်မှုကို အလေးထားသင့်ကြောင်း ရေးသားဖော်ပြထားသည်။

ရခိုင်ဘုရင်တို့၏ အချုပ်အခြာအာဏာပိုင်ဆိုင်စဉ်က ချမှတ်ထားသော ဆုံးဖြတ်ချက်များကို လေးစားလိုက်နာသောအားဖြင့်လည်းကောင်း၊ ရခိုင်ပြည်အပေါ်တွင် ကမန်လူမျိုး၏ ခေတ်အဆက်ဆက် သစ္စာစောင့်သိမှုကို အသိအမှတ်ပြုသောအားဖြင့်လည်းကောင်း၊ ရခိုင်တို့၏ လူသားဆန်မှုနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာမှုအား ပြသသည့်အနေဖြင့်လည်းကကောင်း ၎င်းတို့၏ ဆန္ဒသဘောထားမပါဘဲ ၎င်းတို့ပိုင်ဆိုင်သည့်မြေယာများကို အခြားရည်ရွယ်ချက်ဖြင့် စီမံခန့်ခွဲခြင်းအား ရခိုင်နိုင်ငံရေးခေါင်းဆောင်းများ၊ လူမှုရေးခေါင်းဆောင်းများ၊ သက်ဆိုင်ရာ မြို့မိမြို့ဖများအနေဖြင့် ပြန်လည်သုံးသပ်ပြီး ထိုစီမံကိန်းများအား အခြားသင့်တော်ရာနေရာတခုခုတွင် အကောင်အထည်ဖော်ရန်သာ စဉ်းစားသင့်ကြောင်း ရခိုင်ပြည်အမျိုးသားကောင်စီ၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ယင်းထုတ်ချက်ပေါ်တွင်ကြိုဆိုကြောင်း မြေပိုင်ရှင်ဟုဆိုသည့်
ဦးဘစံ(ကွယ်လွန်)၏ မြေးဖြစ်သူ ဒေါ်တင်တင်ညွန့်က DMG သို့ပြောကြားသည်။

ရမ်းဗြဲမြို့ ကိုဗစ်ကာကွယ်တားဆီးရေးအဖွဲ့မှလည်း ယင်းမြေနေရာအား အတင်းယူထားခြင်းမဟုတ်ကြောင်း အဖွဲ့ဝင် ဦးထွန်းထွန်းဦးက ပြောသည်။

“ရှင်းရှင်းပြောရရင် မီးလောင်ပြင်ကို နစ်နာကြေးပေးပြီးသားလို့ သိရတယ်။ အဲဒီနေရာဟာ အစိုးရရဲ့စီမံခန့်ခွဲပိုင်ခွင့် အောက်ကို ရောက်သွားပြီးလို့ ကျနော်တို့ကသုံးသပ်တယ်။ အဲဒါကြောင့် ကျနော်တို့ကလည်း ကမန်မြေကို အတင်းအဓမ္မလုယူပြီးတော့ လုပ်ထားတာမဟုတ်ပါဘူး”ဟု ၎င်းကပြောသည်။

ယင်းမြေနေရာတွင် အောက်စီဂျင်စက်ရုံတည်ဆောက်နေမှုကို ဦးဘစံ၏မိသားစုဝင်များက ၎င်းတို့မိသားစုမြေဖြစ်ဟု ကန့်ကွက်သဖြင့် သြဂုတ်လ ၃၁ ရက်နေ့မှစတင်ကာ ဆောက်လုပ်မှုအား ရပ်တန့်ထားကြောင်း သိရသည်။

မြေပိုင်ရှင်မိသားစုများအနေဖြင့်လည်း အဆိုပါ မြေနေရာပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ရခိုင်တပ်တော်(ULA/AA)အား telegram မှတစ်ဆင့် သြဂုတ်လ ၂၈ ရက်နေ့က တိုင်ကြားထားသည်။