- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြောက်ဦးအောက်ဆီဂျင်စက်ရုံမှထွက်သော အောက်ဆီဂျင်များကို မြောက်ဦးဆေးရုံမှအပ အခြားနေရာများကိုဖြန့်ဝေမှုကို ခေတ္တရပ်ဆိုင်းထားမည်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံမှ ထွက်ရှိသောအောက်ဆီဂျင်များကို ယနေ့ ဇူလိုင် ၂၇ ရက်မှစ၍ အခြားမြို့နယ်များသို့ဖြန့်ဝေမှုကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နန်းရိပ်ဂရုဏာ အောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့ထံမှ သိရသည်။
27 Jul 2021
DMG ၊ ဇူလိုင် ၂၇
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံမှ ထွက်ရှိသောအောက်ဆီဂျင်များကို ယနေ့ ဇူလိုင် ၂၇ ရက်မှစ၍ အခြားမြို့နယ်များသို့ဖြန့်ဝေမှုကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နန်းရိပ်ဂရုဏာ အောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့ထံမှ သိရသည်။
မြောက်ဦးပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင်ရှူနေရသည့် လူနာများ တစ်နေ့ထက်တစ်နေ့ များပြားလာသဖြင့် အောက်ဆီဂျင် ထုတ်လုပ်သည့်ပမာဏထက် သုံးစွဲသူများပြားနေမှုကြောင့် အခြားမြို့နယ်များသို့ဖြန့်ဝေမှုကို ရပ်ဆိုင်းထားရခြင်းဖြစ်သည်ဟု နန်းရိပ်ဂရုဏာ အောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့ အတွင်းရေးမှူး ဦးဦးသန်းထွန်းက DMG ကိုပြောသည်။
“မြောက်ဦးဆေးရုံမှာက အခုသုံးစွဲနေရတာ အလွန်များပြားနေပါတယ်။ တစ်ရက်မှာ ဗူး ၄၀ ထွက်တာ အဲဒီဗူး ၄၀ ထက်တောင် သုံးစွဲမှုများပြားနေပါတယ်။ အဲဒါကြောင့် လောလောဆယ်မှာ အခြားမြို့နယ်တွေကို ရပ်ဆိုင်းထားရန်ဖြစ်ပါတယ်။ ဆေးရုံမှာလည်း လုံးဝအခက်အခဲဖြစ်နေပါတယ်။ ကျနော်တို့အဖွဲ့ကလည်း အောက်ဆီဂျင်တွေကို လုံးဝအဆက်မပြတ်ပေးနေရပါတယ်” ဟု ၎င်းကဆိုသည်။
မြောက်ဦးမြို့တွင် အောက်ဆီဂျင်ရရှိသည့်အတွက် တခြားမြို့နယ်များမှလူနာများမှာ မြောက်ဦးဆေးရုံသို့လာရောက်ပြီး ဆေးရုံတက်ခြင်းများရှိသည်ဟုလည်း ဦးဦးသန်းထွန်းက ပြောသည်။
“ကျနော်တို့က အခြားမြို့နယ်တွေကိုလည်း မကူညီချင်လို့မဟုတ်ဘူး။ ကူညီချင်ပါတယ်။ ဒါပေမဲ့ မြောက်ဦးမှာလည်း လူနာတွေကသိပ်များလာတော့ မဖူလုံဘူးဖြစ်နေတယ်။ အစတော့ လူနာတွေနည်းတဲ့အတွက် ကျနော်တို့ကူညီခဲ့ပါတယ်။ နောက်ပြီး တခြားမြို့နယ်ကလူနာတွေကလည်း ဒီမှာအောက်ဆီဂျင်ရတယ်ဆိုတော့ လာကြတဲ့လူနာတွေလည်း အများကြီးဖြစ်နေပါတယ်။ လူနာတွေများတဲ့ အတွက်လိုက်လို့မမီဖြစ်နေပါတယ်” ဟု ပြောသည်။
လက်ရှိ မြောက်ဦးဆေးရုံတွင် ကိုဗစ် Positive လူနာ ၆၀ ကျော် ဆေးကုသမှုခံယူလျက်ရှိကာ အောက်ဆီဂျင်ပေးရသည့်အပိုင်းတွင် လိုက်မမီဖြစ်နေကြောင်းလည်း သိရသည်။
မြောက်ဦးဆေးရုံတွင် လူနာနည်းပါးလာပြီးမှ အခြားမြို့နယ်များနှင့် အရေးတကြီးလိုအပ်ချက်ရှိနေသည့်နေရာများသို့ အောက်ဆီဂျင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းလည်း နန်းရိပ်ဂရုဏာအောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့မှ သိရသည်။
လက်ရှိမှာ မိုးရွာသွန်းပြီးလျှပ်စစ်မီးပြတ်တောက်မှုများကြောင့်လည်း မြောက်ဦးအောက်ဆီဂျင်ထုတ်စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်နိုင်ရန်အတွက် အခက်အခဲများရှိကြောင်း ဦးဦးသန်းထွန်းကပြောသည်။
“ကျနော်တို့မှာ ဟိုတစ်နေ့တုန်းကဆိုရင် မီးက နံနက်သုံးနာရီက ပြတ်သွားပါတယ်။ စက်လည်းရပ်သွားတယ်။ ဆိုတော့ နံနက်ပိုင်း ၇ နာရီလောက်မှ ပြန်ရတယ်။ အဲဒါကြောင့် အောက်ဆီဂျင်တွေက လူနာတွေအတွက် လုံးဝမလုံမလောက်ဖြစ်သွားတယ်။ အခုမီးစက်ဝယ်မလို့ စက်ကတော့သိန်းပေါင်း ၁၄၆ သိန်း သို့မဟုတ် ၁၂၀ သိန်းဝန်းကျင်လောက် ကျမယ်ထင်တယ်။ အဲဒီအတွက်လည်း ကျနော်တို့ကအလှူခံနေတယ်။ နောက်ကျန်တဲ့ကိစ္စ တွေကို ဆရာတော်ကိုပဲအားကိုးရတော့မယ်” ဟု ၎င်းကပြောသည်။
မြောက်ဦးမြို့ အောက်ဆီဂျင်ထုတ်စက်ရုံမှထွက်သော အောက်ဆီဂျင်များကို အမ်း၊ မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ မာန်အောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ တောင်ကုတ်၊ သံတွဲ ၊ စစ်တွေ စည့်မြို့နယ်များမှ မှာယူသုံးစွဲလျက်ရှိနေခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ဇူလိုင် ၂၆ ရက်နေ့အထိ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူစုစုပေါင်း ၂၃၄၃ ဦးရှိပြီး ယင်းအထဲမှ သေဆုံးသူ ၁၂၀ ဦးရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရ သိရသည်။