- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အရပ်သားနှစ်ဦးကို သေနတ်ဖြင့်ပစ်ပြီး ဖမ်းဆီးရိုက်နှက်ခဲ့သည့် ALP တပ်ဖွဲ့ဝင်များကို အရေးယူသွားမည်ဟုဆို
ဖြစ်စဉ်မှာ ဦးခင်မောင်ဝင်း ပိုင်ဆိုင်သည့်ဆိုင်၌ (ALP)တပ်ဖွဲ့ဝင် ၃ ဦးက အရက်လာဝယ်စဉ် ယခင်ဝယ်ယူထားသည့် အကြွေးအားပေးရန် တောင်းရာမှ အချေအတင်စကားများကြပြီးနောက် ALP တပ်ဖွဲ့ဝင် ၈ ဦးသည် ကားတစ်စီးဖြင့် ဆိုင်သို့လာရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အနီးရှိ ဒေသခံတစ်ဦးက DMG သို့ပြောသည်။
10 Oct 2022
ALP တပ်ဖွဲ့ဝင်များကြောင့် ဒဏ်ရာရရှိခဲ့သည့် အရပ်သားအားတွေ့ရစဉ်။ ဓါတ်ပုံ - Aung Than Wai
DMG ၊ အောက်တိုဘာ ၁၀
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) တပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့်အပြင် ဖမ်းဆီးရိုက်နှက်ခဲ့မှုများကြောင့် စစ်တွေမြို့မှ အရပ်သားနှစ်ဦးမှာ ဒဏ်ရာများရရှိခဲ့ပြီး ထိုသို့ပြုလုပ်သူများအား ပါတီစည်းကမ်းအရ အရေးယူသွားမည်ဟု ALP မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယမန်နေ့ (အောက်တိုဘာလ ၉ ရက်) နံနက် ၁၀ နာရီကျော်ခန့်တွင် ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ခုတွင် ယင်းသို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ ဦးခင်မောင်ဝင်း ပိုင်ဆိုင်သည့်ဆိုင်၌ (ALP)တပ်ဖွဲ့ဝင် ၃ ဦးက အရက်လာဝယ်စဉ် ယခင်ဝယ်ယူထားသည့် အကြွေးအားပေးရန် တောင်းရာမှ အချေအတင်စကားများကြပြီးနောက် ALP တပ်ဖွဲ့ဝင် ၈ ဦးသည် ကားတစ်စီးဖြင့် ဆိုင်သို့လာရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အနီးရှိ ဒေသခံတစ်ဦးက DMG သို့ပြောသည်။
“အရက်လာဝယ်တာမှာ ဆိုင်ပိုင်ရှင်နဲ့ စကားအချေအတင်ဖြစ်ကြတယ်။ နောက်တော့ သူတို့ကပြန်သွားတယ်။ ခဏနေတာနဲ့ သူတို့ကားနဲ့ လူ(၈)ယောက်နဲ့ရောက်လာပြီး သေနတ်နဲ့ပစ်တာ။ သေနတ်ပစ်ခံရတဲ့ ဆိုင်ပိုင်ရှင်နဲ့ သူ့ယောက်ဖကို သူတို့ကားပေါ် တင်သွားကြတယ်။ မိသားစုတွေလိုက်ပြီး တောင်းပန်စကားပြောပြီးမှ ပြန်လွှတ်ပေးလိုက်တယ်”ဟု ၎င်းဒေသခံကပြောသည်။
ထိုသို့ ကားပေါ်တင်ခေါ်သွားပြီးနောက် ရိုက်နှက်ခံရမှုများလည်းရှိခဲ့ပြီး ကိုရန်နောင်စိုး(ခ) နှင်းမောင် (၃၉)နှစ်တွင် နဖူးကွဲဒဏ်ရာ၊ ကိုခင်မောင်ဝင်း(ခ)အောင်ကျော်ဌေး (၃၇)နှစ်တွင် ဝမ်းဗိုက်နှင့် ပေါင်နှစ်ဖက်တို့တွင် သေနတ်ဒဏ်ရာအပါအဝင် ဒဏ်ရာများရရှိခဲ့ကာ စစ်တွေဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ALP/ALA အလယ်ပိုင်းစစ်ဒေသမှူး ဗိုလ်မှူးကြီး ခိုင်ကျော်စိုးက ALP ရဲဘော်နှစ်ဦးမှာ ဆိုင်ထဲအရက်ဝင်သောက်စဉ် ငွေကျပ်(၃၅၀၀)ပေးခဲ့ကြောင်းနှင့် ဆိုင်ထဲရှိ LGBT တစ်ဦးနှင့်စကားများရာမှ ALP တပ်ဖွဲ့ဝင်တစ်ဦးကို ဆိုင်ရှင်ကရိုက်နှက်ခဲ့ကာ အဆိုပါ LGBT က ALP အဖွဲ့မှဆိုပြီး အော်လိုက်သည်အခါ ဆိုင်အနီးရှိ ဘေးတွဲသမားများနှင့် ဆိုင်ရှင်၏ဆွေမျိုးများက ဝင်ရိုက်ခဲ့ကြောင်းဆိုသည်။
ယင်းနောက် ဆိုင်ထဲမှ ALP တပ်ဖွဲ့ဝင်တစ်ဦးလွတ်လာပြီး ALP ရုံးကိုလာပြောကာ အဆိုပါဆိုင်သို့ တာဝန်ရှိသူတို့က ဖြေရှင်းရန်သွားသည့်အခါ ဆိုင်အတွင်းမှာ လူများမှ တုတ်၊ ဓားများဖြင့်ရိုက်ပုတ်ရန်ပြုသဖြင့် သေနတ်တစ်ချက်ပစ်ခတ်မှုရှိခဲ့ကြောင်း ဗိုလ်မှူးကြီး ခိုင်ကျော်စိုးက တုန့်ပြန်ပြောဆိုသည်။
“ကျနော်တို့ တပ်ဖွဲ့တွေလည်းဖြစ်ပြီးတာနဲ့ စခန်းရောက်လာပြီး ချက်ချင်းရှောင်တိမ်းသွားကြတယ်။ ပျောက်နေကြတယ်။ ကျနော်လည်း သူတို့ကို လိုက်ပြီးရှာနေရတာ။ ဘာလို့ သူတို့ရှောင်ထွက်သွားကြလဲဆိုတော့ ပါတီရဲ့စည်းကမ်း၊ တပ်မတော်ရဲ့စည်းကမ်းအရ အပြစ်ပေး အရေးယူခံရမှာကို သူတို့လည်းသိတယ်”ဟု ဆိုသည်။
ထို့အတူ အဆိုပါတပ်ဖွဲ့ဝင်များအား တပ်မတော်၏ ပုဒ်မ ၂၃ ပြည်သူနှင့် ဆက်ဆံရေးဆိုသည့်အချက်ကို ကျူးလွန်သည့်အတွက်ကြောင့် ပါတီ၏မူအရ အကြမ်းအားဖြင့် (၆)လခန့် ချုပ်နှောင်ခံရမည်ဟုလည်း ဗိုလ်မှူးကြီး ခိုင်ကျော်စိုးက ဆက်ပြောသည်။
“ကျနော်တို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ အခြေခံမူကြမ်းဥပဒေအရ တပ်မတော်သားများနှင့် ပြည်သူ့ဆက်ဆံရေးဆိုပြီး ပုဒ်မ ၂၃ စာမျက်နှာ ၈ စာကြောင်းရေ ၈ မှာ ပြဌာန်းထားတာရှိတယ်။ သူတို့ကတော့ တပ်မတော်ရဲ့ ပုဒ်မ ၂၃ အချက်ကို ကျူးလွန်တဲ့အတွက်ကြောင့် ပြစ်မှုရှိတဲ့အတွက်ကြောင့် အပြစ်ပေးခံရမှာသိလို့ ရှောင်တိမ်းနေကြတယ်။ ပြစ်မှုကတော့ သူတို့အတွက် သင့်တင့်တဲ့အပြစ်ဆိုလို့ရှိခဲ့ရင်လည်း အကြမ်းအားဖြင့် အနည်းဆုံး ၆ လလောက်တော့ ချုပ်နှောင်ခံရမယ်”ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)သည် နှစ်ပေါင်း ၅၀ ကျော်ကြာ ပြည်သူအတွက် ရပ်တည်လာသည့် ပါတီတစ်ခုဖြစ်သဖြင့် ယခုကိစ္စအပေါ် စိတ်မကောင်းဖြစ်ရကြောင်းလည်း ဗိုလ်မှူးကြီး ခိုင်ကျော်စိုးကပြောသည်။
ရခိုင်ပြည်သူလွတ်မြောက်ရေးနှင့် တိုင်းရင်းသားအခွင့်အရေး အပြည့်အဝရရှိရေး၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးရေးအတွက် လွတ်လပ်ရေးအထိတိုက်ပွဲဝင်မည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ALP ကို ၁၉၆၇ ခုနှစ် (ဧပြီလ ၉ ရက်)နေ့တွင် ရန်ကုန်ကမာရွတ် ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် စတင်ဖွဲ့စည်းခဲ့သည်။
ALP သည် ၂၀၁၂ ခုနှစ်မှစပြီး အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးခဲ့ကာ လက်ရှိတွင် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသည့် ရခိုင့်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တစ်ခုလည်းဖြစ်သည်။
လက်ရှိတွင် ALP သည် ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် ထိုင်းနယ်စပ်တို့တွင်အခြေပြုပြီး လှုပ်ရှားနေကာ စစ်တွေမြို့ပေါ်တွင်လည်း ယခုရက်ပိုင်းအတွင်း စစ်သင်တန်းများပြုလုပ်လာသည်ကို တွေ့ရသည်။