- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တောင်ကုတ် စကခ(၅) တိုက်ပွဲပြင်းထန် (အလံဖြူထောင် အညံ့ခံသူ အချို့ရှိ)
စစ်ကောင်စီ၏ ခမရ ၅၄၄ နှင့် ခမရ ၃၄၆ တပ်ရင်းတို့မှာ စကခ(၅) ဌာနချုပ်နှင့် ပူးပေါင်းသွားပြီဖြစ်ကာ AA ၏ ထိုးစစ်ပြင်းထန်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှာ ဒီဇင်ဘာ ၁၃ ရက် ညနေ ၄ ပိုင်းက လက်နက်ချ အညံ့ခံမှုများရှိနေသည်။
14 Dec 2024
DMG ၊ ဒီဇင်ဘာ ၁၄
ရခိုင်ပြည်တွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၃ ခုရှိသည့်အထဲ နောက်ဆုံးလက်ကျန်ဖြစ်သော တောင်ကုတ်မြို့ အခြေစိုက် စကခ - ၅ ကို အာရက္ခတပ်တာ်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။
စစ်ကောင်စီ၏ ခမရ ၅၄၄ နှင့် ခမရ ၃၄၆ တပ်ရင်းတို့မှာ စကခ(၅) ဌာနချုပ်နှင့် ပူးပေါင်းသွားပြီဖြစ်ကာ AA ၏ ထိုးစစ်ပြင်းထန်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှာ ဒီဇင်ဘာ ၁၃ ရက် ညနေ ၄ ပိုင်းက လက်နက်ချ အညံ့ခံမှုများရှိကြောင်း တိုက်ပွဲအခြေအနေသိသူ သတင်းရင်းမြစ်ထံမှ သိရသည်။
“စကခ(၅) ဌာနချုပ် တစ်ခုလုံးကို သိမ်းပိုက်တာတော့ မဟုတ်ဘူး။ တိုက်ပွဲအတွင်းမှာ အလံဖြူထောင်ပြီး လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ရှိတယ်။ အရေအတွက်ကို အတိအကျမသိရသေးဘူး။ လက်နက်ချသူတွေထဲမှာ အရာရှိတွေလည်း ပါတယ်လို့ သိရတယ်။ တိုက်ပွဲတွေကတော့ ဒီကနေ့ နံနက်ပိုင်း အချိန်ထိ ပြင်းထန်နေတုန်းပါ” ဟု မြေပြင်အခြေနေသိသူ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ဦးလှသိန်းနှင့် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG က ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ပေ။
သို့သော်လည်း စစ်ကောင်စီလော်ဘီများ၏ ဒီဇင်ဘာ ၁၃ ရက်နေ့ သတင်းဖော်ပြချက်အရ တောင်ကုတ်တွင် “နံနက် ၆ နာရီခွဲအချိန်ခန့်က ၅၄၄ တပ် အိမ်ထောင်သည်လိုင်းခန်းနှင့် ကာကင်းနေရာများ၊ ရိက္ခာဝေစခန်း၊ ဆက်သွယ်ရေးတပ်ခွဲဌာနချုပ်နှင့် ကာကင်းနေရာများအား လာရောက်တိုက်ခိုက်ခဲ့၍ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့” ဟု ဖော်ပြထားသည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်းပစ်ခတ် ခုခံနေမှုများကြောင့် တောင်ကုတ်မြို့ပေါ်နှင့် စစ်ကောင်စီတပ်အနီးဝန်းကျင်မှ နေအိမ်များ မီးလောင်ပျက်စီးမှုများ ရှိနေသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက် ညနေပိုင်းအချိန် စစ်ကောင်စီက လေကြောင်းပစ်ခတ်မှုကြောင့် တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်မှ နေအိမ် ၈ ဆောင်ထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီ ဒီဇင်ဘာ ၄ ရက် လေကြောင်းပစ်ခတ်မှုကြောင့်လည်း ခရစ်ယာန်ဘုရားကျောင်းနှင့် လူနေအိမ် ၁၅ ဆောင် မီးလောင်ပျက်စီးခဲ့ရသည်။
တောင်ကုတ်ဒေသခံတစ်ဦးက “စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ပစ်လို့ အိမ်တွေ၊ ဈေးတွေ မီးလောင်တယ်။ တောင်ကုတ်တိုက်ပွဲကလည်း ဘယ်နေ့ပြီးမယ်မှန်း မသိဘူး။ ဖုန်းလိုင်းတွေ ဖြတ်နေလို့ မိသားစုတွေနဲ့လည်း အဆက်အသွယ်မရဘူး” ဟု ပြောသည်။
တောင်ကုတ်မြို့ကို အာရက္ခတပ်တော်(AA) က နိုဝင်ဘာ ၂၄ ရက်တွင် ထိန်းချုပ်နိုင်ခဲ့ပြီး တောင်ကုတ်မြို့နယ် တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ရေး လက်ကျန်တပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
လက်ရှိတွင် AA သည် ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်မှ မြို့နယ် ၁၁ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အမ်း၊ တောင်ကုတ်၊ ဂွ တွင် တိုက်ပွဲပြင်းထန်နေသည်။ မြို့နယ် (၁၇) ခုဖြင့် ဖွဲ့စည်းထားသော ရခိုင်ဒေသတွင် စစ်ကောင်စီ ထိန်းချုပ်ထားသည်မှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့သာ ကျန်ရှိတော့ပြီဖြစ်သည်။