- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်ပင်လယ်ပြင်မှ ကမ်းဝေးငါးဖမ်းရေယာဉ်အစီးရေ ၂၃၀ ကို VMS စနစ်ဖြင့် စောင့်ကြည့်နေဟုဆို
ရခိုင်ပင်လယ်ပြင်တွင် ငါးဖမ်းဆီးလျှက်ရှိသော ကမ်းဝေးငါးဖမ်းရေယာဉ်အစီးရေ ၂၃၀ ကို ရေယာဉ်စောင့်ကြည့် ထိန်းချုပ်သည့်စနစ်(Vessel Monitoring System– VMS)ဖြင့် စောင့်ကြည့်လျှက်ရှိကြောင်း ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
08 Mar 2022
DMG ၊ မတ် ၈
ရခိုင်ပင်လယ်ပြင်တွင် ငါးဖမ်းဆီးလျှက်ရှိသော ကမ်းဝေးငါးဖမ်းရေယာဉ်အစီးရေ ၂၃၀ ကို ရေယာဉ်စောင့်ကြည့် ထိန်းချုပ်သည့်စနစ်(Vessel Monitoring System– VMS)ဖြင့် စောင့်ကြည့်လျှက်ရှိကြောင်း ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
အဆိုပါ VMS စက်များကို ကမ်းဝေးငါးဖမ်းရေယာဉ်များတွင်တပ်ဆင်ပြီး ရေယာဉ်၏ လှုပ်ရှားမှုလမ်းကြောင်းများ၊ ရေယာဉ် မောင်းနှင်နေသည့်အရှိန်နှုန်းများ၊ ရေယာဉ်ရပ်နားသည့်နေရာများနှင့် ကြာချိန်တို့အပြင် ရေယာဉ်တည်နေရာတို့ကို စစ်တွေနှင့် နေပြည်တော်ရှိ ထိန်းချုပ်ခန်းများမှ စောင့်ကြည့်လျှက်ရှိကြောင်း ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဦးက DMG သို့ပြောသည်။
“အဓိကတော့ ကမ်းဝေးရေယာဉ်တွေကို ကမ်းနီးမှာ ဝင်ရောက်ဖမ်းဆီးတာတွေမရှိအောင်၊ နောက်ပြီး သူများနိုင်ငံ ရေပိုင်နက်မှာ သွားဖမ်းတာတွေမရှိအောင်အတွက် အခုလိုထိန်းချုပ်ရေးလုပ်ငန်းတွေဖြစ်လာတာပါ။ ဒီလိုထိန်းချုပ်နိုင်ရင် အဏ္ဏဝါပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းကာကွယ်လာနိုင်မှာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။
ထိုသို့ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို မလိုက်နာသည့်ရေယာဉ်များကို အရေးယူမှုများလုပ်ဆောင်နေပြီး ပြီးခဲ့သည့်နှစ်က စည်းကမ်းလိုက်နာမှုမရှိသည့် ကမ်းဝေးငါးဖမ်းရေယာဉ် ၁၃ စီးကို အရေးယူမှုများလုပ်ဆောင်ခဲ့ကြောင်း ဦးသက်ဦးကပြောသည်။
“အရေးယူတဲ့နေရာမှာ ဒီစက်တွေကိုဖြုတ်တာ၊ ပိတ်တာလုပ်ရင် ပထမအကြိမ်မှာ ဒီကနေ ဖုန်းနဲ့လှမ်းပြီးသတိပေးတာတွေ လုပ်တယ်။ ပြီးတော့ သတိပေးလို့မရရင် တစ်ရက်ကို ငွေငါးသောင်းဒဏ်ရိုက်တာတွေရှိတယ်။ နောက်တစ်ခုက စက်ကိုဖြုတ်တာ၊ မသွားရတဲ့နေရာကိုသွားတာဆိုရင် ပထမတစ်ကြိမ်မှာ ဒဏ်ငွေသိန်း ၃၀ နဲ့ ၃ လ ငါးဖမ်းဆီးခွင့် ပိတ်တာတွေလုပ်မယ်။ ဒုတိယအကြိမ်ဆိုရင်တော့ စက်လှေကို ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းတာအထိ အရေးယူတာတွေရှိတယ်” ဟု ၎င်းကရှင်းပြသည်။
သို့သော် ယခုကိုဗစ်ကာလတွင် ပြည်သူများစားဝတ်နေရေးအဆင်မပြေမှုများကြောင့် ပြစ်ဒဏ်ကို ဒဏ်ငွေ သိန်း ၂၀ ကျပ်နှင့် ငါးဖမ်းဆီးခွင့်နှစ်လတာပိတ်ခြင်းအဖြစ်သို့ ပြောင်းလဲသတ်မှတ်ပေးခြင်းမျိုးလည်းရှိကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ယခင်က ကျိန္တလီဒေသကမ်းနီးဧရိယာများသို့ ကမ်းဝေရေယာဉ်များ အုပ်စုလိုက်ဝင်ရောက်ပြီး ငါးဖမ်းခြင်းများရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ထိုသို့ဖမ်းဆီးခြင်းများနည်းပါးလာကြောင်း ကျိန္တလီမြို့နယ်ခွဲ၊ ပုန်းညက်ကျေးရွာမှ ဒေသခံ ကိုသားကြီးကပြောသည်။
“အခုလိုနောက်ပိုင်းမှာ ကမ်းဝေးသမားတွေ ဝင်မဖမ်းတော့ သားငါးပုဇွန်ဖမ်းဆီးရမိမှုက အရင်ကတက် တိုးတက်လာတာကို တွေ့ရတယ်။ ရခိုင်က အခြားမြို့နယ်တွေမှာတော့ ဘယ်လိုအခြေအနေရှိလဲတော့မပြောတတ်ဘူး”ဟု ၎င်းကဆိုသည်။
VMS စက်မှာ အမျိုးအစားအလိုက် ဈေးနှုန်းကွာခြားချက်များရှိပြီး အနည်းဆုံးငွေကျပ် သိန်း ၁၀ နှင့် ၁၅ သိန်းအကြား ပေါက်ဈေးရှိပြီး နှစ်စဉ်ကြေးအဖြစ်လည်း တစ်နှစ်လျှင် ငွေကျပ်သုံးသိန်းနှင့် ငါးသိန်းကျပ်ခန့်ကို လုပ်ငန်းရှင်များမှ ပေးသွင်းရကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
လက်ရှိမြန်မာနိုင်ငံတွင် VMS စက်တပ်ဆင်ထားသော ကမ်းဝေးငါးဖမ်းရေယာဉ်နှင့် ငါးသယ်ရေယာဉ် ၃၀၀၀ ကျော်ရှိကြောင်းလည်း ငါးလုပ်ငန်းဦးစီးဌာန၏စာရင်းအရ သိရသည်။