- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဘီးလင်းမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ကျောင်းဆရာမသားအမိနှစ်ဦးသေဆုံး၊
မွန်ပြည်နယ် ဘီးလင်းမြို့နယ် တွင် ကျေးရွာများသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် ပစ်ခတ်နေမှုကြောင့် ဒေသခံ ကျောင်းဆရာမသားအမိနှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
26 Jun 2022
DMG ၊ ဇွန် ၂၆
မွန်ပြည်နယ် ဘီးလင်းမြို့နယ် တွင် ကျေးရွာများသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် ပစ်ခတ်နေမှုကြောင့် ဒေသခံ ကျောင်းဆရာမသားအမိနှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ (ဇွန် ၂၄) ရက် မွန်းတည့် ၁၂ နာရီ အချိန်ခန့်တွင် ဘီးလင်းမြို့နယ်ရှိ တပ်မ(၄၄) လက်အောက်ခံ ခမရ(၄၀၄)၊ စကခ(၈) လက်အောက်ခံပူးပေါင်း တပ် နတ်ကြီးစခန်းမှ အစူးချောင်းကျေးရွာ အတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ဒေသခံ ကျောင်းဆရာမဖြစ်သူ အသက် (၂၅)နှစ်အရွယ် နော်စန်းစန်းဝင်း နှင့် သူမ၏ (၁) နှစ် ကျော် အရွယ် ကလေးငယ်တို့ သေဆုံးခဲ့ရကြောင်း အစူးချောင်း ဒေသခံ တစ်ဦးက ပြောသည်။
“ နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ နတ်ကြီးစခန်းက လက်နက်ကြီး သုံးချက်ပစ်တယ်။ ၁ နာရီကျော်မှာ တစ်ချက်ပစ်တယ် အားလုံးပေါင်း ၄ ချက်ပစ်တယ်။ နောက်ဆုံး (၁) ချက်က ဆရာမ အိမ်ဘေးကျ ပြီး ပေါက်ကွဲခဲ့တာ ” ဟုအဆိုပါဒေသခံကပြောသည်။
ထိုပစ်ခတ်မှုမှာ စစ်နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲ ကျေးရွာအတွင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်းနှင့် သေဆုံးသူ ကျောင်းဆရာမမှာ ဝင်းကတိုက် (ဝါကတယ်) ကျေးရွာတွင် ပညာသင်ကြား ပေးနေသူ တစ်ဦးဖြစ်ကြောင်း ကေအန်ယူ သတင်းအရင်းအမြစ်မှဆိုသည်။
“ အခုလို ပစ်တာက တမင်တကာ ရည်ရွယ်ပြီး ပစ်တာပါ။ ဘာတိုက်ပွဲမှလည်း မဖြစ်ဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ ကိုပစ်တာ။ ဆရာမက ဝင်းကတိုက်ကျေးရွာမှာ စာသင်ပေးနေတာ ” ဟု အဆိုပါသတင်းအရင်းအမြစ်က ဆိုသည်။
ပြီးခဲ့သည့် ဇွန် လ၂၂ ရက်နေ့ကလည်း လေးကေစစ်စခန်းမှ မင်းစောကျေးရွာအတွင်းသို့ လက်နက်ကြီး ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာဒေသခံ အသက် (၂၈) နှစ်အရွယ် နော်မာသက်ဆို ညာဘက်ခြေခုံ (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂) လုံးပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ အမျိုးသမီး တစ်ယောက် ခြေထောက်ထိတယ်။ သူ့မှာ နှစ်လလအရွယ်ကလေးငယ် လေးလည်းရှိနေတော့ စိုးရိမ်ရတာပေါ့။ လက်နက်ကြီးက ရွာထဲမှာ (၃)လုံးပေါက်ကွဲတယ်။ အိမ်ကတော့ (၂)လုံး ထိတာပေါ့ တစ်ခြား ထိခိုက်တာတွေလည်း ရှိသေးတယ် ” ဟု မင်းစောရွာ ဒေသခံတစ်ဦးကဆိုသည်။
ထိုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေစဉ်အတွင်း ကေအန်ယူ တပ်မဟာ (၁) KNDO၊ KNLA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီ တပ်ကြားတိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ကျေးရွာအတွင်းရှိ စာသင်ကျောင်းအချို့မှာ ခေတ္တပိတ်ထားခဲ့ရကြောင်း အဆိုပါကျေးရွာသားက ပြောသည်။
ဘီးလင်းမြို့နယ်အတွင်း၌ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးသီတင်းပတ်မှ ယခု ၂၀၂၂ ခုနှစ် ဇွန်လ နောက်ဆုံးသီတင်းပတ်အထိ စစ်ကောင်စီတပ်နှင့် ကေအန်ယူ တပ်မဟာ (၁) KNLA၊ KNDO ပူးပေါင်း အဖွဲ့ ကြားတိုက်ပွဲများ အတွင်း လက်နက်ကြီး ထိမှန်မှုကြောင့်ဒေသခံ (၂၀ )ဦး ထက်မနည်း ထိခိုက်ခဲ့ပြီး (၁၅ ) ဦးထက်မနည်း သေဆုံးခဲ့ကာ ယင်းအထဲတွင် ကလေးငယ် ၃ ဦးပါဝင်ကြောင်းလည်း သိရသည်။