ဘုတ်ပြင်း ရတနာပုံ ကျေးရွာသားများ ရွာလုံးကျွတ် ထွက်ပြေးနေရ

တနင်္သာရီတိုင်း ထိုင်း- မြန်မာနယ်စပ်ဒေသ ဘုတ်ပြင်းမြို့နယ်ရှိ ရတနာပုံကျေးရွာသားများကို စစ်ကောင်စီတပ်က အတင်းကြပ်ပြောင်းရွှေ့ခိုင်းနေကြောင်း သိရသည်။

By Admin 13 Dec 2022

ဘုတ်ပြင်း ရတနာပုံ ကျေးရွာသားများ ရွာလုံးကျွတ် ထွက်ပြေးနေရ

ထိုင်းနိုင်ငံ ခေါင်လွဲကျေးရွာသို့ပြောင်းရွှေ့ခဲ့ရသည့် ရတနာပုံကျေးရွာသား များ ကိုတွေ့ရစဥ်။ ဓာတ်ပုံ-CJ

DMG | ဒီဇင်ဘာ ၁၃

တနင်္သာရီတိုင်း ထိုင်း- မြန်မာနယ်စပ်ဒေသ ဘုတ်ပြင်းမြို့နယ်ရှိ ရတနာပုံကျေးရွာသားများကို စစ်ကောင်စီတပ်က အတင်းကြပ်ပြောင်းရွှေ့ခိုင်းနေကြောင်း သိရသည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၂) ရက် ၌ ဘုတ်ပြင်းမြို့ အခြေစိုက် ခမရ (၅၈၅) တပ်ရင်းမှ ကျေးရွာအနီး၌ တပ်စခန်း ချဲ့ထွင်ရန်အတွက် ရတနာပုံကျေးရွာသားများကို အတင်းကြပ်ရွှေ့ပြောင်းခံခဲ့ရခြင်းဖြစ်ကြောင်း ရတနာပုံကျေးရွာသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“တပ်စခန်း နယ်မြေချဲ့မယ်ဆိုပြီးတော့ အတင်းအကြပ်ရွှေ့ခိုင်းတာ။ တကယ်က စစ်စခန်းနဲ့ ရွာက အလှမ်းဝေးတယ်။ တမင်တကာကို ရွှေ့ခိုင်းတာပါ။ အခု နေစရာမရှိ ဖြစ်နေရပါတယ် ” ဟု အဆိုပါ ဒေသခံ အမျိုးသမီးက ပြောသည်။

ရတနာပုံကျေးရွာတွင် အိမ်ခြေ (၂၀၀) ၊လူဦးရေ (၈၀၀)ဝန်းကျင်ရှိပြီး ယင်းအထဲမှ လူဦးရေ ၃၅၀ မှာ ထိုင်းနိုင်ငံ ပါကျွပ်ခရိုင် ခေါင်လွဲရွာ၌ ခေတ္တ တိမ်းရှောင်နေရပြီး ထိုင်းအာဏာပိုင်နှင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများမှ ကူညီပေးထားကြောင်း သိရသည်။

ထိုင်း-မြန်မာ ရွှေ့ပြောင်းလုပ်သားအရေး လှုပ်ရှားသူတစ်ဦးက “ ရတနာပုံရွာခံဦးရေ ၃၅၀ က ထိုင်းဘက် ခေါင်လွဲရွာကို ရှောင်လာတယ်။ သူတို့ကို ဒီက အာဏာပိုင်တွေနဲ့ ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားအဖွဲ့တွေက ကူညီဆောင်ရွက်ပေးထားပါတယ် ” ဟုဆိုသည်။

ထို့အပြင် ကျန်ရှိနေသည့် ဒေသခံဦးရေ ( ၄၅၀ )မှာ နီးစပ်သည့် ကျေးရွာဘုန်းကြီးကျောင်းနှင့် တောတောင်အတွင်း ၌ တိမ်းရှောင်နေရသည်။

“ ထိုင်းဘက်ကို ရှောင်တဲ့ သူတွေက ရွာတဝက်လောက်ရှိတယ်။ ကျန်တဲ့ လူဦးရေတဝက်က နီးစပ်တဲ့ ဘုန်းကြီးကျောင်းနဲ့ တောတောင်ထဲမှာ နေထိုင်နေရတယ်။ တချို့ကတော့ ဆွေမျိုးတွေဆီ သွားနေရတာရှိတယ်။ အခု ပြည်တွင်းထဲမှာ ရှိနေတဲ့ ရွာခံတွေကို ပြည်ကြီးမဏ္ဍိုင်ဘက်ကို စစ်တပ်က အတင်း အကြပ် ထပ်ရွှေ့ ခိုင်းဖို့လုပ်နေတယ်” ဟု ရွှေ့ပြောင်းအကူအညီပေး လုပ်ဆောင်နေသူတစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်မှ ၇ ရက်နေ့များတွင် ရတနာပုံကျေးရွာအတွင်းရှိ စစ်ကောင်စီ တပ်စခန်းကို ကေအန်ယူ တပ်မဟာ (၄) ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်မှ ထိခိုက်သေဆုံးခဲ့မှုမျးရှိခဲ့သည်။

ထိုသို့ ရတနာပုံကျေးရွာသားများကို အတင်းအကြပ်ရွှေ့ပြောင်းခိုင်းမှုနှင့် ပက်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းထံသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်းလက်ခံ ဖြေဆိုခြင်းမရှိပေ။

ပြောင်းရွှေ့ခံရသည့် ရတနာပုံကျေးရွာသည် ထိုင်းမြန်မာနယ်ဒေသအနီးတွင် တည်ရှိပြီး စစ်ကောင်စီနှင့် ပုဂ္ဂလိကပိုင် သတ္တုမိုင်းတွင်းလုပ်ငန်းများ ရှိကြောင်းလည်း သိရသည်။