- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်မှ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် ငွေကျပ် ၁၀ ဘီလီယံ ထုတ်ချေးရန်စီစဉ်နေဟုဆို
ရခိုင်မှ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများကို ငွေကျပ် ၁၀ ဘီလီယံထုတ်ချေးသွားရန်စီစဉ်နေကြောင်း ပြည်နယ်စစ်ကောင်စီအဖွဲ့မှ စီးပွားရေးဝန်ကြီး ဦးစံရွှေမောင်က DMG သို့ပြောသည်။
28 Aug 2022
DMG ၊ သြဂုတ် ၂၈
ရခိုင်မှ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများကို ငွေကျပ် ၁၀ ဘီလီယံထုတ်ချေးသွားရန်စီစဉ်နေကြောင်း ပြည်နယ်စစ်ကောင်စီအဖွဲ့မှ စီးပွားရေးဝန်ကြီး ဦးစံရွှေမောင်က DMG သို့ပြောသည်။
ထိုသို့ ချေးငွေချေးပေးရေးအတွက် ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့က အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ပြည်နယ်စစ်ကောင်စီ တာဝန်ရှိသူများဖြင့် အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့သည်ဟု ၎င်းကဆိုသည်။
“အစည်းအဝေးတစ်ကြိမ်ပြီးပြီ။ ထပ်ပြီးတော့ အစည်းအဝေးတွေခေါ်ရမယ်။ ဒီဟာကို အဓိက ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက ကိုင်တွယ်ပါလိမ့်မယ်။ ဗဟိုကချပေးလိုက်တာက စိုက်ပျိုးမွေးမြူရေးအပြင် ဆန်စက်တွေနဲ့ ဆီစက်လုပ်ငန်းတွေအားလုံးကိုချေးဖို့ဆိုပြီးပါတယ်”ဟု ဦးစံရွှေမောင်က ရှင်းပြသည်။
အဆိုပါချေးငွေများကို မည်သည့်အချိန်တွင် စတင်ထုတ်ချေးမည်ကို အတိအကျမပြောနိုင်သေးသော်လည်း လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဒေသရှိ သက်ဆိုင်ရာဌာနဆိုင်ရာများထံသို့ သွားရောက်စုံစမ်းကြရန်လည်း ၎င်းကဆိုသည်။
လက်ရှိ ရခိုင်ပြည်နယ်မှ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်နယ်စစ်ကောင်စီထံမှ ကူညီထောက်ပံ့မှုများလိုအပ်နေကြောင်း MSME Association Rakhine အဖွဲ့ တာဝန်ရှိသူများထံမှသိရသည်။
MSME Association Rakhine အဖွဲ့ကိုပြီးခဲ့သည့် မတ်လက စတင်ဖွဲ့စည်းခဲ့သော်လည်း လက်ရှိအချိန်အထိ စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာ ကူညီထောက်ပံ့မှုမရှိသေးကြောင်း အသင်း ဥက္ကဋ္ဌ ကိုညီတိုးမင်းကပြောသည်။
လုပ်ငန်းရှင်များအချင်းချင်း နည်းပညာများပူးပေါင်းဖလှယ်ဆောင်ရွက်နိုင်ရန်၊ ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်များအား ပြည်နယ်အတွင်းလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးနိုင်ရန်၊ သတင်းအချက်အလက်၊ အသိပညာဗဟုသုတများကို ခေတ်ကာလနှင့်လျော်ညီအောင် ပြည်နယ်အတွင်း လုပ်ငန်းရှင်များအား ပံ့ပိုးကူညီမှုများစီစဉ်ဆောင်ရွက်ပေးနိုင်ရန်၊ ပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများပေါ်ထွန်းလာစေရန်နှင့် လုပ်ငန်းစတင်ရန်စိတ်ကူးရှိပြီး ပြင်ဆင်နေသူများ(Start-Up)၏ တီထွင်ရရှိသော ထုတ်ကုန်များအား ဈေးကွက်အတွင်းသို့ရောက်ရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် အထက်ပါအဖွဲ့ကို ဖွဲ့စည်းထားခြင်းဖြစ်သည်။
“ပြည်နယ်တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ အားကောင်းဖို့လိုတယ်။ ဒါပေမယ့် အခုအချိန်ထိ လက်ရှိအစိုးရက ကျွန်တော်တို့ကို ထောက်ပံ့ပေးတာမျိုး မရှိသေးဘူး။ ဒါကြောင့် တာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံဖို့ကိုလည်း စီစဉ်နေပါတယ်“ဟု ၎င်းကရှင်းပြသည်။
လက်ရှိတွင် ငွေကြေးဖောင်းပွမှုများနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုများကြောင့် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများမှာ ပိုမိုကြပ်တည်းလာနေကြပြီး ရေရှည်ရပ်တည်ရေးအတွက် အခက်ကြုံနေကြရကြောင်း သဇင် နို့စားနွားမွေးမြူရေးခြံပိုင်ရှင် ဦးအောင်သန်းက ပြောသည်။
“အစိုးရဆီကလဲ ဘာထောက်ပံ့မှုမှမရဘူး။ နောက်ပြီး နည်းပညာအရဆိုရင် ပိုတောင်ဆိုးသေးတယ်။ အခုနောက်ပိုင်းမှာက ကုန်ဈေးတွေက အကုန်တက်လာနေတော့ ရေရှည်အတွက် မတွေးရဲစရာအခြေအနေပါပဲ”ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံရှိလုပ်ငန်းများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ MSME လုပ်ငန်းများဖြစ်ကြပြီး ၂၀၁၅ ခုနှစ် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဥပဒေတွင် ထုတ်လုပ်မှု လုပ်ငန်း၊ လုပ်အားအခြေပြုထုတ်လုပ်မှုလုပ်ငန်း (CMP အပါအဝင်)၊ လက်ကားရောင်းဝယ်ရေးလုပ်ငန်း၊ လက်လီရောင်းဝယ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုပေးသည့်လုပ်ငန်းနှင့် အခြားလုပ်ငန်းများကို SME (အသေးစားစက်မှုလက်မှုလုပ်ငန်း)လုပ်ငန်းအဖြစ် သတ်မှတ်ထားသည်။