- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ထွေ/အုပ်ကပေးသည့်စာရင်း ကိုက်ညီမှုမရှိသည့်အတွက် ဘူးသီးတောင်မြို့နယ်အတွင်း နီပွန်ဖောင်ဒေးရှင်းမှ ဆန်အိတ်လှူဒါန်းခြင်း ယာယီရပ်ဆိုင်းထား
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း စစ်ဘေးရှောင်များကို နီပွန်ဖောင်ဒေးရှင်းက ဆန်အိတ်ဖြန့်ဝေလှူဒါန်းခြင်းအား ယာယီရပ်ဆိုင်းထားကြောင်း DMG မှ စုံစမ်းသိရှိရသည်။
07 Dec 2022
ဘူးသီးတောင်မြို့နယ်၊ ရန်အောင်မြေ စစ်ဘေးရှောင်စခန်း၌ နီပွန်ဖောင်ဒေးရှင်းမှ လှူဒါန်းသည့်ဆန်အိတ်များကို စစ်ဘေးရှောင်များ မျှဝေနေစဉ်။
DMG | ဒီဇင်ဘာ ၇
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း စစ်ဘေးရှောင်များကို နီပွန်ဖောင်ဒေးရှင်းက ဆန်အိတ်ဖြန့်ဝေလှူဒါန်းခြင်းအား ယာယီရပ်ဆိုင်းထားကြောင်း DMG မှ စုံစမ်းသိရှိရသည်။
ယင်းကဲ့သို့ ယာယီရပ်ဆိုင်းထားခံရခြင်းမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပေးထားသည့် လူဦးရေစာရင်းနှင့် မြေပြင်စာရင်း ကိုက်ညီမှုမရှိသောကြောင့် သေချာပြန်လည်စိစစ်ရန်အတွက်ဖြစ်ကြောင်း နီပွန်ဖောင်ဒေးရှင်းမှ ရခိုင်ပြည်လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်နေသူ ကိုဝင်းအောင်က DMGသို့ ပြောသည်။
“ကျနော်တို့အနေနဲ့ စာရင်းတွေ သိပ်မရှင်းလို့ ယာယီရပ်နားထားတာပါ။ ဘူးသီးတောင်ကိုဖြန့်ဝေရမယ့် စခန်းတွေမှာ လူမရှိတဲ့ စခန်းတွေလည်း ပါတယ်။ ပြီးရင် မြို့ပေါ်မှာ ဖြန့်ဝေရမယ့် စခန်းတွေလည်းပါတယ်။ မြို့နယ်ထွေ/အုပ်ရုံးက လူမရှိတဲ့စခန်းတွေကိုပါ စာရင်းတင်လာကြတယ်” ဟု ၎င်းကပြောသည်။
နီပွန်ဖောင်ဒေးရှင်းမှ ဘူးသီးတောင်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၇ခုအတွက် လှူဒါန်းဖြန့်ဝေမည့် ဆန်အိတ် (၁၁၁၅) အိတ်အနက် ဆန်အိတ် (၅၇၀) ကို စစ်ဘေးရှောင်စခန်း ၃ခုအတွက် ချန်ထားပေးရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တောင်းဆိုသည့်အတွက်ကြောင့် အောက်ခြေရှိ စခန်းများ၌ လူရှိ၊မရှိကို ပြန်လည်စိစစ်ရန် ယာယီ ရပ်ဆိုင်းထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
“အမှန်က အောက်ခြေမှာ စိစစ်ကြည့်လိုက်တော့ အဲဒီ ကမ့်တွေမှာ လူလည်းရှိတာမဟုတ်ဘူးလေ။ ပြီးရင် သူတို့ကိုယ်တိုင် အဲဒီ ကမ့် ၃ ခုကို သွားဖြန့်မယ်ပေါ့။ အမှန်တော့ ကျနော်တို့မှာ ကိုယ့်လူတွေနဲ့ ကိုယ့်သက်ဆိုင်ရာတွေနဲ့ ဖြန့်နေတာ။ ဆန်အိတ်က ဘူးသီးတောင်ကို ပို့ထားပြီးပြီ။ အဲဒီကိုရောက်မှပဲ သူတို့က ကမ့် ၃ ကမ့်အတွက် ဆန်အိတ် ၅၇၀ သူတို့ကို ပေးရမယ်ဆိုပြီး ပြောတာ။ ကျနော်တို့ဘက်ကတော့ အောက်ခြေမှာ လူမရှိဘဲ မပေးပါဘူး”ဟု ကိုဝင်းအောင်က ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။
ဘူးသီးတောင်မြို့နယ်မှ လက်ရှိစစ်ဘေးရှောင်စခန်းတစ်ခု၏ တာဝန်ခံတစ်ဦးအား မေးမြန်းရာ “ဘူးသီးတောင်မှာ လက်ရှိ စစ်ဘေးရှောင်စခန်း ၅ခုပဲ ရှိပါတယ်။ ဆေးအိုးကျ၊ ဦးလှဖေ၊ စိမ်ညှင်းပြာကျေးရွာတွေမှာ ၂၀၁၈- ၂၀၁၉ခုနှစ်က အနီးနားတောင်တွေက ဒေသခံတွေ ခတ္တလာပြီး စစ်ဘေးရှောင်လာကြတာ။ အဲဒီနေရာတွေမှာ စစ်ဘေးရှောင်တွေ မရှိတာကြာပြီ” ဟု DMG ကို ပြောကြားထားသည်။
ဘူးသီးတောင်မြို့နယ်အတွင်း စစ်ဘေးရှောင်များအား လှူဒါန်းဖြန့်ဝေမည့် ဆန်အိတ် ၁၁၁၅ အိတ်အနက် ၅၄၅ အိတ်ကို ဘူးသီးတောင်မြို့ပေါ်ရှိ စခန်းများထံသို့ ယမန်နေ့ ဒီဇင်ဘာလ ၆ရက်နေ့တွင် နီပွန်ဖောင်ဒေးရှင်းမှ လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။
နီပွန်ဖောင်ဒေးရှင်းမှ ရခိုင်ပြည်အတွင်း မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊ အမ်း၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော စသည့် မြို့နယ်များတွင်ရှိသော စစ်ဘေးရှောင်များအတွက် ဆန်အိတ် စုစုပေါင်း (၅၅၀၉၄) အိတ်ကို ဧပြီလအတွင်းက လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း၊ ရခိုင်ပြည်ရှိ စစ်ဘေးရှောင်စခန်း ၇၂ ခုအတွက် ဆန်အိတ်များ ပေးဝေလှူဒါန်းရန်အတွက်လည်း ပြည်နယ်စစ်ကောင်နှင့် သဘောတူထားပြီးဖြစ်ကြောင်း သိရသည်။
နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ၊ ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါသည် ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က ရခိုင်သို့ရောက်ရှိလာခဲ့ပြီး စစ်ဘေးရှောင်များအတွက် ဒေါ်လာ ၂ သိန်း ထောက်ပံ့ပေးသွားမည်ဟုဆိုကာ ကတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
ရခိုင်နှင့် ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားမှုကြောင့် သြဂုတ်လမှစတင်ကာ အောက်တိုဘာလ ၁၁ ရက်နေ့အထိ စစ်ဘေးရှောင်ဦးရေ ၁၆၀၀၀ ရှိလာပြီး ယခင်ကတိုက်ပွဲကာလအတွင်းက စစ်ဘေးရှောင်လာခဲ့ရကာ နေရပ်မပြန်နိုင်သေးသည့် လူဦးရေနှင့် ပေါင်းလျှင် ၉၀၀၀၀ ကျော်အထိ ရှိလာနေပြီဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။