တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် ရသေ့တောင်မှ စစ်ဘေးရှောင်များအတွက် အကူအညီလိုအပ်နေ

အငူမော်-မောင်တောကားလမ်း ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာနှင့် ချိန်ခါလီကျေးရွာကြားရှိ မေယုတောင်တန်းတွင် မြန်မာ စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် စစ်ဘေးရှောင်များမှာ နေရပ်သို့မပြန်နိုင်ကြသေးကြောင်း သိရသည်။

15 Aug 2022

သံချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဝေဟင်အောင်

DMG၊ သြဂုတ် ၁၅

အငူမော်-မောင်တောကားလမ်း ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာနှင့် ချိန်ခါလီကျေးရွာကြားရှိ မေယုတောင်တန်းတွင် မြန်မာ စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် စစ်ဘေးရှောင်များမှာ နေရပ်သို့မပြန်နိုင်ကြသေးကြောင်း သိရသည်။

သြဂုတ်လ ၁၃ ရက်နေ့ကဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲကြောင့် ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာမှ လူဦးရေ ၇၀၀ ခန့်၊  ဒုံးပိုက်ကျေးရွာမှ လူဦးရေ ၆၀၀ ကျော်နှင့် ကြံတိုင်းအောင်ကျေး ရွာမှ ဒေသခံများမှာ အနီးအနားရှိ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ချိန်ခါလီကျေးရွာမှ တိမ်းရှောင်နေရသည့် ရပ်မိ၊ရပ်ဖတစ်ဦးက “အဲဒီနေ့ကတိုက်ပွဲဖြစ်တော့ ရွာသားတွေအကုန်လုံး ထွက်ပြေးနေရတယ်။ ရွာမှာ တစ်ယောက်မှမကျန်တော့ဘူး။ မနေ့ကလည်း ပစ်ခတ်သံတွေကြားရတယ်။ တစ်ယောက်မှ အိမ်မပြန်ရဲကြဘူး။ အခုကတော့ နီးစပ်ရာကျေးရွာတွေမှာ ခိုလူံနေကြရတယ်။ ရွာမှာ နွားတွေကအစ အကုန်ကျန်ခဲ့တာ။ အခုတော့ ဖြစ်သလိုနေရတာ ပေါ့”ဟု ၎င်းကဆိုသည်။

ထိုသို့တိမ်းရှောင်လာသူတို့မှာ အနီးအနားကျေးရွာများရှိ ဆွေမျိုးနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် ဖြစ်သလို စားသောက်နေထိုင်နေကြရသည်ဟု ဒုံးပိုက်ကျေးရွာမှ ရပ်မိ၊ရပ်ဖတစ်ဦးက ပြောသည်။

“စစ်ဘေးရှောင်တွေဆိုတော့ ဖြစ်သလိုနေရတာပေါ့။ အခုတော့ လူကြီးတွေက တစ်အိမ်မှာ ၂ ယောက်ကျထားပြီးတော့ စီစဉ်နေတယ်။ သူများရွာမှာဆိုတော့ အခက်အခဲတော့ရှိတာပေါ့”ဟု ၎င်းကဆိုသည်။

ထွက်ပြေးနေရသည့် စစ်ဘေးရှောင်များအတွက် လူကယ်ပြန်နှင့် ဌာနဆိုင်ရာများမှ တစ်စုံတစ်ရာ လာရောက်ကူညီပေးခြင်းမရှိသေးကြောင်းလည်း စစ်ဘေးရှောင်များကပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် အဝတ်အထည်များအကူအညီများ လိုအပ်နေကြောင်း အဆိုပါစစ်ဘေးရှောင်များကို ကူညီပေးနေသည့် စေတီပြင်ပရဟိတလူငယ်များအသင်း ဒုဥက္ကဋ္ဌ ကိုအောင်မင်းစိုးက DMG သို့ပြောသည်။

“အဓိက စစ်ဘေးရှောင်တွေလိုအပ်နေတာကတော့ စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေပါ။ အခုကျွန်တော်တို့လည်း လှူဖို့အတွက် စာရင်းတွေကောက်နေတယ်။ အဓိကတော့ သူတို့အတွက် အလှူရှင်တွေလိုအပ်နေပါတယ်”ဟု ၎င်းကဆိုသည်။

စစ်ဘေးရှောင်များကိုကူညီရန် အလှူရှင်များလည်း နည်းပါးလာနေပြီး တိုက်ပွဲကြောင့် စစ်ဘေးရှောင်များလည်းတိုးလာသည့်အတွက် ကျန်းမာရေးကအစ အခက်အခဲများရှိလာနိုင်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောသည်။

“အခုဆိုရင် စစ်ဘေးရှောင်တွေလည်း တိုးလာတယ်။ နောက်ပြီးတော့ အလှူရှင်တွေနည်းလာတယ်။ စစ်ဘေးရှောင်တွေ ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေဆိုရင်လည်း အကန့်အသတ်တွေရှိတဲ့အတွက် အခက်အခဲတွေအများကြီးရှိတယ်။ အရင်ကတောင် စစ်ဘေးရှောင်တွေဟာ ကျန်းမာရေးကိစ္စတွေကအစ အခက်အခဲရှိနေကြတာ။ အခုဆိုရင် ပိုပြီးတော့အခက်အခဲတွေရှိလာနိုင်တယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်၊ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်သို့မပြန်နိုင်သည့် စစ်ဘေးရှောင်ဦးရေ ၄၂၀၀၀ ကျော်ရှိ ကျန်ရှိနေသေးပြီး လက်ရှိတိုးလာသည့် စစ်ဘေးရှောင်အရေအတွက်ကို မသိရသေးကြောင့် ကိုဇော်ဇော်ထွန်းကပြောသည်။

အလားတူ ပြီးခဲ့သည့်ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ပြားချောင်းကြီး၊ အလယ်ရွာချေ၊ ပြင်ခေါင်ကျေးရွာအနီး မြန်မာစစ်တပ်က တပ်စွဲထားမှုကြောင့် ဒေသခံ ၁၅၀၀ ခန့်မှာ ယနေ့အချိန်ထိ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ၂၀၁၈ ခု နှစ်ကုန်ပိုင်းမှ ၂၀၂၀ ခု၊ နိုဝင်ဘာလ ပထမအပတ်အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာမှ နားလည်မှုသဘောဖြင့်ရပ်ခဲ့သော်လည်း လက်ရှိတွင် နှစ်ဘက်စစ်ရေးတင်းမာမှုများနှင့်အတူ မောင်တော၊ ရသေ့တောင်၊ ချင်းပြည်နယ်၊ ပလက်ဝဒေသတို့တွင် ထိတွေ့တိုက်ပွဲများရှိလာနေသည်။