ရွှေကျင်မြို့နယ်အတွင်း သွားလာခွင့် ကန့်သတ်မှု၊ စစ်ဆေးမှုတို့ကြောင့် ဒေသခံများ အခက်တွေ့နေရ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်း ဒေသခံများခရီးသွားလာခွင့်ကို စစ်ကောင်စီကကန့်သတ်ကာ စစ်ဆေးမှုများတင်းကျပ်ထားသဖြင့် ဒေသခံများ အခက်အခဲတွေ့နေရကြောင်း သိရသည်။

16 Jul 2022

ဓာတ်ပုံ - CJ

DMG ၊ ဇူလိုင် ၁၆

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်း ဒေသခံများခရီးသွားလာခွင့်ကို စစ်ကောင်စီကကန့်သတ်ကာ စစ်ဆေးမှုများတင်းကျပ်ထားသဖြင့် ဒေသခံများ အခက်အခဲတွေ့နေရကြောင်း သိရသည်။

ပြီးခဲ့သည့်ဇူလိုင်လ ၉ ရက်နေ့မှစပြီး ရွှေကျင်မြို့နယ်အတွင်း ဒေသခံများသွားလာခွင့်ကို နံနက် (၆)နာရီမှ ညနေ (၆)နာရီအတွင်းသွားလာရန်နှင့် ကုန်းလမ်းရေလမ်းကြောင်းတို့မှ ခရီးသည်များအနေဖြင့်လည်း ရိက္ခာသယ်ဆောင်ခြင်းနှင့် ခရီးသွားလာရန်အတွက် ထောက်ခံစာပြုလုပ်ထားရန်လိုအပ်ပြီး လိုက်နာမှုမရှိပါက သယ်ဆောင်လာသည့်ပစ္စည်းများ သိမ်းဆည်းခံရမည့်အပြင် အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယင်းကိစ္စများကြောင့် ရွှေကျင်မြို့နယ်ရှိ ရွှေကျင်ချောင်း၊ ကတက်ချောင်းနှင့် မဒမချောင်းအနီးရှိကျေးရွာများမှ ဒေသခံများမှာ လူမှုရေး၊ ကျန်းမာရေးစသည်ဖြင့် နေ့စဉ်ကူးလူးဆက်ဆံနေရသည့် မြို့ပေါ်သို့လာရောက်ရန် ခက်ခဲစေကြောင်း ရွှေကျင်မြို့ခံတစ်ဦး ကပြောသည်။

“အခုလိုကန့်သတ်လိုက်တာကတော့ မကောင်းဘူး။ ရွှေကျင်ချောင်းအနီးကရွာတွေဆို လာဖို့ခက်ခဲသွားတယ်။ ပြီးတော့ ရိက္ခာသယ်လာတာဆိုတာကိုတော့ မရှင်းဘူးဖြစ်နေတယ်။ တကယ်ဆို ရွာတွေကလာပြီး ဈေးဝယ်ကြတယ်။ ပြန်ကြတယ်။ အဲဒါကို တမင်သွားလာခွင့်ပိတ်လိုက်တာလို့ပဲထင်တယ်”ဟု ရွှေကျင်မြို့ခံတစ်ဦးကပြောသည်။

ထို့အပြင် ရွှေကျင်မြို့အတွင်းသို့ ရောင်းဝယ်ဖောက်ကားရန် လာရာလမ်းဖြစ်သည့် ရွှေကျင်ချောင်းကူးတံတားထိပ်၌ စစ်ကောင်စီတပ်သားများမှ စစ်ဆေးမှုများတင်းကျပ်ထားသဖြင့် သွားလာရေးတွင် ပိုပြီးစိုးရိမ်နေရကြောင်း ဆိပ်ကလေးကျေးရွာဒေသခံများမှ ဆိုသည်။

“ဈေးဝယ်ဖို့ မြို့ထဲလာမယ်ဆိုရင်လည်း ရွှေကျင်တံတားကိုဖြတ်ရတယ်လေ။ တံတားထိပ်မှာ စစ်တပ်နဲ့ရဲတွေက အတင်းအကျပ်စစ်ဆေးတော့တာပဲ။ အဲလိုတွေလုပ်လာတော့ တခါတလေမြို့ထဲသွားဖို့ တော်တော်လေးစဉ်းစားနေရတယ်။ တစ်ခုခုဖြစ်မှကိုစိုးရိမ်နေရပါတယ်”ဟု ဆိပ်ကလေးကျေးရွာ ဒေသခံတစ်ဦးက ဆိုသည်။

ထိုသို့ စစ်ကောင်စီမှ သွားလာခွင့်ကန့်သတ်ထားခြင်းမှာ ကျောက်ကြီးနှင့်မုန်းဒေသ၌ လက်ရှိအချိန်ထိဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့်ဖြစ်ပြီး ဒေသခံများအနေဖြင့် သတိထားသွားလာစေလိုကြောင်း ကေအန်ယူတပ်မဟာ(၃)မှ သတိပေးထားသည်။

“အခုလို စစ်ကောင်စီက ရွှေကျင်မြို့နယ်ထဲကို အသွားအလာ ကန့်သတ်တာက ကျောက်ကြီးနဲ့မုန်းဒေသ တိုက်ပွဲတွေကြောင့် လုပ်လိုက်တာပါ။ ဒေသခံတွေအနေနဲ့တော့ သွားလာတဲ့အခါ သတိထားပြီးသွားကြဖို့ အသိပေးချင်တယ်”ဟု ကေအန်ယူတပ်မဟာ(၃) သတင်းအရင်းအမြစ်က ပြောဆိုသည်။

အလားတူ ပြီးခဲ့သည့်ဇူလိုင် ပထမအပတ်မှစပြီး ရွှေကျင်မြို့နယ်အတွင်း ကျေးရွာများသို့ စစ်ကောင်စီတပ်မှ အင်အားအများ အပြားဖြင့် တပ်အင်အားတိုးချဲ့လာခြင်းနှင့် လှည့်လည်လှုပ်ရှားမှုများကြောင့် ဒေသခံများ သတိထားသွားလာကြရန် ကရင်လူငယ်အစည်းအရုံး(KYO)မှ အသိပေးထားသည်။