အမ်းမြို့ပေါ်တွင်ခိုလှုံနေသည့် စစ်ဘေးရှောင်တစ်ထောင်ကျော်နေရပ်ပြန်

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အမ်းမြို့ပေါ်သို့ ထွက်ပြေးခိုလှုံနေကြသည့် စစ်ဘေးရှောင် တစ်ထောင်ကျော်မှာ ယနေ့(မတ်လ ၂၉ ရက်)တွင် ပြည်နယ်စစ်ကောင်စီ၏အစီအစဉ်ဖြင့် ၎င်းတို့၏နေရပ်များသို့ ပြန်သွားကြပြီဖြစ်သည်။

29 Mar 2022

DMG ၊ မတ် ၂၉

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အမ်းမြို့ပေါ်သို့ ထွက်ပြေးခိုလှုံနေကြသည့် စစ်ဘေးရှောင် တစ်ထောင်ကျော်မှာ ယနေ့(မတ်လ ၂၉ ရက်)တွင် ပြည်နယ်စစ်ကောင်စီ၏အစီအစဉ်ဖြင့် ၎င်းတို့၏နေရပ်များသို့ ပြန်သွားကြပြီဖြစ်သည်။

လက်ရှိတွင် တိုက်ပွဲရပ်တန့်နေသောကြောင့် ဒေသတည်ငြိမ်မှုရှိနေသဖြင့် စစ်ဘေးရှောင်များ နေရပ်ပြန်သွားကြခြင်းဖြစ်သည်။ ယခုပြန်သွားကြသူများမှာ အမ်းမြို့နယ်၊ ဒါးလက်ကျေးရွာအုပ်စုရှိ ရွာဟောင်း၊ လောင်းအိမ်စု စသည့်ကျေးရွာ ၂၀ ကျော်မှ စစ်ဘေးရှောင်များဖြစ်ကြသည်။

နေရပ်ပြန်သွားကြသည့်လူဦးရေ ၁၃၈၁ ဦးကို စစ်ကောင်စီမှ တစ်အိမ်ထောင်လျှင် ငွေကျပ်ငါးသိန်းစီထောက်ပံ့ကာ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီဌာနမှလည်း အဝတ်အထည်၊ အိုး၊ဇွန်း ၊ပန်းကန် စသည့်ပစ္စည်း ၁၇ မျိုးကို ထောက်ပံ့ခဲ့ကြောင်း အမှတ်(၁)စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသန်းချိုကပြောသည်။

၎င်းတို့နေရပ်ပြန်ရန်အတွက် စာရင်းပေးထားသည်မှာ (၈)လခန့်ကြာမြင့်နေပြီဖြစ်သော်လည်း ယခုမှ နေရပ်ပြန်မည့်အစီအစဉ် အောင်မြင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တစ်ဖက်တွင်လည်း ယခုနေရပ်ပြန်သွားခဲ့ကြသည့် ကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သဖြင့် မိုင်းအန္တရာယ်ရှိမည်ကို စိုးရိမ်မိကြောင်း လူမှုရေးတက်ကြွလှုပ်ရှားသူ အမ်းဒေသခံ ကိုမျိုးလွင်ကပြောသည်။

“သူတို့လုပ်ကိုင်စားသောက်တဲ့နေရာတွေမှာ မြေမြုပ်မှိုင်းတွေရှင်းလင်းမှုမရှိတာကြောင့် သူတို့ရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုရှိနေတာတွေကိုတော့ ကျနော်တို့စိုးရိမ်တယ်။ နောက်တစ်ခုက ရက္ခိုင့်တပ်တော်နဲ့ မြန်မာစစ်တပ်ဟာ ဆွေးနွေးပြီးလက်မှတ်အသေအချာ ထိုးထားတာလည်းမဟုတ်ဘူးဆိုတော့ အချိန်မရွေးတိုက်ပွဲဖြစ်လာတဲ့အခါ သူတို့ဟာ ဓားစာခံပုံစံမျိုးဖြစ်လာမှာကို စိုးရိမ်တယ်”ဟု ၎င်းကဆိုသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခု၊ နှစ်ကုန်ပိုင်းမှစတင်ကာ ၂၀၂၀ ခု၊ နိုဝင်ဘာလပထမပတ်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကာ လက်ရှိတွင် နားလည်မှုဖြင့်တိုက်ပွဲရပ်တန့်နေခြင်းဖြစ်သည်။