- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရွှံ့ဂဏန်းနှင့် ကျောက်ပုဇွန်တွင် Virus တွေ့သည့် ရခိုင်မှ လုပ်ငန်းရှင်အချို့၏ ပို့ကုန်များကို ပြည်ပတင်ပို့ခွင့် ယာယီရပ်နားထား
ရခိုင်မှ တရုတ်နိုင်ငံသို့တင်ပို့နေသည့် ရွှံ့ဂဏန်းနှင့် ကျောက်ပုဇွန်လုပ်ငန်းရှင် ၁၀ ဦး၏ပို့ကုန်များ၌ White Spot Syndrome Virus(WSSV)ပိုးတွေ့ရှိခဲ့သဖြင့် ၎င်းတို့၏ပို့ကုန်များကို ပြည်ပတင်ပို့ခွင့် ယာယီရပ်နားထားကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
22 Jul 2022
DMG ၊ ဇူလိုင် ၂၂
ရခိုင်မှ တရုတ်နိုင်ငံသို့တင်ပို့နေသည့် ရွှံ့ဂဏန်းနှင့် ကျောက်ပုဇွန်လုပ်ငန်းရှင် ၁၀ ဦး၏ပို့ကုန်များ၌ White Spot Syndrome Virus(WSSV)ပိုးတွေ့ရှိခဲ့သဖြင့် ၎င်းတို့၏ပို့ကုန်များကို ပြည်ပတင်ပို့ခွင့် ယာယီရပ်နားထားကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
အဆိုပါလုပ်ငန်းရှင် ၁၀ ဦးတွင် ကျောက်ပုဇွန်လုပ်ငန်းရှင် ၃ ဦးနှင့် ရွှံ့ဂဏန်းလုပ်ငန်းရှင် ၇ ဦးပါဝင်ကြောင်း သိရသည်။
လက်ရှိတွင် Virus တွေ့ရှိမှုကြောင့် ယာယီရပ်နားခိုင်းထားခြင်းဖြစ်ကာ အဆိုပါလုပ်ငန်းရှင်များ၏ ပို့ကုန်များတွင် ပိုးမတွေ့သည့်အချိန်တွင် ပြန်တင်ပို့ခွင့်ပြုသွားမည်ဟု ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဦးကပြောသည်။
“သန့်ရှင်းရေးအတွက် ဌာနမှာ သတ်မှတ်ထားတဲ့ SOP တွေရှိတယ်။ ကန်ကို ဘယ်လိုသန့်ရှင်းရမယ်။ သတ်မှတ်တဲ့ Chemical တွေနဲ့ သန့်ရှင်းပေးရမယ်။ ပြန်ပြီးတော့ ဒါကိုထည့်ကြည့်ပြီး ပြန်စစ်ကြည့်မယ်။ ပြန်စစ်ကြည့်လို့ Positive မထွက်တော့ဘူးဆိုရင် ပြန်တင်ပို့ခွင့်ပေးမယ်”ဟု DMG သို့ ပြောသည်။
ရွှံ့ဂဏန်းနှင့် ကျောက်ပုဇွန်များတွင် ယခုကဲ့သို့ Virus ပိုးတွေ့ရှိခြင်းမှာ ယင်းတို့ကိုသိုလှောင်သည့် ရေမသန့်ရှင်းမှုကြောင့်သာဖြစ်ပြီး ရွှံ့ဂဏန်းနှင့် ကျောက်ပုဇွန်များတွင် ရောဂါပိုးဖြစ်ပွားနေခြင်း မဟုတ်ကြောင်း ၎င်းကဆက်ပြောသည်။
“အဓိကကတော့ ရေပေါ့။ ရေအဓိက သန့်ရှင်းဖို့လိုတယ်။ နောက်တစ်ခုက ဒီအကောင်တွေက ကိုယ်တိုင်လက်ခံတဲ့ အကောင်တွေမဟုတ်ဘူး။ သူတို့က သယ်တဲ့အကောင်တွေ။ Carryer ပေါ့။ သူတို့က သယ်တာဖြစ်တဲ့အတွက်ကြောင့်မို့ အခြားနေရာတွေကို ရောက်သွားမှာစိုးလို့ ထိန်းတာ။ သူတို့က ရောဂါဖြစ်နေတာမဟုတ်ဘူး။ ရောဂါပိုးက သူတို့ကိုယ်ကနေတစ်ဆင့် ကပ်ပါလာပြီးတော့မှ ကျန်တဲ့နေရာကို ကူးမှာစိုးလို့ထိန်းနေတာဖြစ်တယ်”ဟု ဦးသက်ဦးကရှင်းပြသည်။
လက်ရှိတွင် ရွှံ့ဂဏန်းနှင့် ကျောက်ပုဇွန်များတွင် ပိုးမတွေ့ရှိသည့် ရခိုင်ကလုပ်ငန်းရှင် ၆၈ ဦးကို ပြည်ပသို့ ပြန်လည်တင်ပို့ခွင့်ပြုထားပြီဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ပြည်ပတင်ပို့ခွင့် ယာယီရပ်နားခံထားရသည့် လုပ်ငန်းရှင်များနှင့် ၎င်းတို့ဝယ်ယူရာဒေသများမှ ပြည်သူများမှာ အကြပ်အတည်းအချို့နှင့်ရင်ဆိုင်နေကြရကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်မှ တင်ပို့ခွင့်ပိတ်ပင်ခံရသည့် အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ဦးက “ကျွန်တော်တို့မှာက အရင်လို တင်ပို့ခွင့်မရတော့ ဒီအကောင်တွေကို လှောင်ထားရင်လည်း သေကုန်တဲ့အတွက် ဈေးတွေကို လျှော့ဝယ်ရတယ်။ ဒီတော့ အချို့ဂဏန်းရှာမှစားရတဲ့သူတွေဆိုရင် တော်တော်လေးကိုအခက်တွေ့ရတယ်လို့သိရတယ်”ဟု ဆိုသည်။
ယခင်က ဂရမ် ၁၀၀ အထက် ဂဏန်းတစ်ကီလိုလျှင် ငွေကျပ် ၆၀၀၀ အထက်ပေးကာ ဝယ်ယူခဲ့သော်လည်း လက်ရှိတွင် ငွေကျပ် ၂၀၀၀ ခန့်သာပေး၍ ဝယ်ယူနိုင်တော့ကြောင်း အဆိုပါလုပ်ငန်းရှင်ကဆိုသည်။
ဒေသထွက်ကုန်များတွင် Virus ကင်းစင်စေရန်အတွက် မည်သို့ဆောင်ရွက်ရမည်ကို သိရှိလိုသော်လည်း မသိရှိကြောင်း လုပ်ငန်းရှင်အချို့က ပြောဆိုကြသည်။
“ကျွန်တော်တို့ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူကို ဒီအကြောင်းမေးတော့ သူက Virus ပိုးရှိရင် ဖြစ်လာမယ့်လက္ခဏာတွေကိုတော့ ပြောပြတယ်။ ကျန်တာကိုမပြောခဲ့ဘူး။ နောက်ပြီး ကျွန်တော်တို့ဆီမှာ ဒီကိစ္စကို သေသေချာချာ ပညာပေးတာတွေလည်း မရှိသေးဘူး။ ဘာတွေကြိုတင်ကာကွယ်ရမယ်။ ဘာတွေလုပ်ရမယ်ဆိုတာကို ကျွန်တော်တို့သိရရင် ပိုကောင်းတာပေါ့”ဟု အမည်မဖော်လိုသည့် နောက်ထပ်ဂဏန်းလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့်ဘဏ္ဍာနှစ်က ရခိုင်ပြည်မှ တရုတ်နိုင်ငံသို့ ကျောက်ပုစွန်တန်ချိန် ၁၀၀ ကျော်နှင့် ရွှံ့ကဏန်းတန်ချိန် ၄၀၀ ကျော်ခန့်တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနစာရင်းများအရ သိရသည်။
ရခိုင်မှ တရုတ်နိုင်ငံသို့တင်ပို့နေသည့် ကျောက်ပုဇွန်နှင့် ရွှံ့ဂဏန်းများတွင် White Spot Syndrome Virus(WSSV) ပိုးတွေ့ရှိသည်ဟုဆိုကာ ပြီးခဲ့သည့်မေလ ၂၃ ရက်နေ့မှစ၍ ပြည်ပတင်ပို့ခွင့်များကို ယာယီရပ်နားထားခဲ့ရသည်။
ထို့နောက် လုပ်ငန်းရှင်တစ်ဦးချင်းစီ၏ ပို့ကုန်များကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးခဲ့ပြီး (WSSV)ပိုးတွေ့ရှိခဲ့သည့် လုပ်ငန်းရှင်များကို တင်ပို့ခွင့် ယာယီရပ်နားထားခဲ့ခြင်းဖြစ်သည်။
White Spot Syndrome Virus(WSSV)သည် အခွံပါရှိသော ရေငံနေသတ္တဝါများတွင် အဖြစ်များလေ့ရှိပြီး ရောဂါဖြစ်ပွားပါက အဖြူစက်များပေါ်လာခြင်း၊ ပန်းရောင်မှ နီညိုရောင်ဖြစ်ခြင်း၊ ရောဂါပြင်းထန်ပြီး မသေသေးသောပုဇွန်များတွင် အနီရောင်ပြောင်းကာ အခွံမာလာပြီး ဦးမှင်များကျိုးပဲ့လာခြင်းတို့ ဖြစ်ပေါ်တက်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။
ထိုရောဂါဖြစ်ပွားသည့် ရွှံ့ဂဏန်းနှင့် ကျောက်ပုဇွန်များကို သေသေချာချာ ချက်ပြုတ်စားသောက်ပါက လူအတွက် အန္တရာယ်မရှိနိုင်ကြောင်းလည်း သိရသည်။