- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်တွေမြို့တွင် မိသားစုဝင် ၃ ဦးကို လူတစ်စုက တုတ်၊ဓားများဖြင့် လူမြင်ကွင်း၌ရန်ပြုမှုဖြစ်ပွား
ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့တွင် မိသားစုဝင် ၃ ဦးကို လူတစ်စုက လူမြင်ကွင်း၌ တုတ်ဓားများဖြင့်ရန်ပြုမှု ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၉ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။
31 Dec 2021
DMG ၊ ဒီဇင်ဘာ ၃၁
ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့တွင် မိသားစုဝင် ၃ ဦးကို လူတစ်စုက လူမြင်ကွင်း၌ တုတ်ဓားများဖြင့်ရန်ပြုမှု ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၉ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။
စစ်တွေမြို့ လောကာနန္ဒာစေတီတော်ရှေ့ လမ်းတစ်ဖက်ခြမ်းရှိ မိဘမေတ္တာရေခဲမုန့်ဆိုင်မှ ဆိုင်ပိုင်ရှင်အမျိုးသားနှင့် ၎င်း၏ဇနီး၊ ဆိုင်ပိုင်ရှင်၏ အစ်ကိုတော်စပ်သူတို့ကို လူ ၁၅ ဦးခန့်က တုတ်နှင့်ဝိုင်းရိုက်နှက်ပြီး အမျိုးသားတစ်ဦးက ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်သည်ဟု ရန်ပြုခံရသူများ၏ မိသားစုကပြောသည်။
ယင်းသို့ရန်ပြုခံရ၍ ဒဏ်ရာရရှိသွားသူ ၃ ဦးမှာ စစ်တွေမြို့နယ် ပြည်သူ့ဆေးရုံတွင် လက်ရှိဆေးကုသမှုခံယူနေရကြောင်း မိဘမေတ္တာရေခဲမုန့်ဆိုင်မှ မိသားစုဝင်တစ်ဦးမှ DMG ကိုပြောသည်။
“အခင်းဖြစ်တဲ့ညက ဆိုင်ချင်းကပ် The Best ဆိုင်က ကျွန်တော်ညီရဲ့ ရေခဲမုန့်ဆိုင်ကို ဓာတ်ပုံလာရိုက်တယ်။ ဓာတ်ပုံမရိုက်ဖို့ ကျွန်တော်ကပြောရာကနေ နှစ်ဖက်စကားအချေအတင်များခဲ့ကြတယ်”ဟု ၎င်းကရှင်းပြသည်။
ထိုသို့စကားအချေအတင်များပြီးနောက်တွင် The Best ဆိုင်မှ လူတစ်စုက တုတ်၊ ဓားများကိုင်ဆောင်ကာရောက်ရှိလာပြီး မိဘမေတ္တာရေခဲမုန့်ဆိုင်ရှိ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဝိုင်းဝန်းရိုက်နှက်ကာ ဓားဖြင့်ခုတ်ခဲ့ခြင်းဟုဆိုသည်။
“ကျွန်တော်တို့မိသားစုကို ဓားနဲ့ခုတ်တာက The Best ဆိုင်ပိုင်ရှင်တစ်ယောက်ထဲ။ ကျန်တဲ့လူတွေက ဒုတ်နဲ့ဝိုင်းရိုက်တာ“ဟု မိဘမေတ္တာဆိုင်မှ မိသားစုဝင်တစ်ဦးဖြစ်သူ ကိုစိုးမင်းနိုင်ကပြောသည်။
လက်ရှိဆေးကုသမှုခံယူနေရသူသုံးဦးမှာ ဦးခေါင်းနှင့် ခန္ဓာကိုယ်အနှံ့ ပြတ်ရှဒဏ်ရာများရရှိခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ဖွယ်မရှိကြောင်း DMG မှ ဆေးရုံသို့သတင်းသွားယူစဉ် မိသားစုဝင်များထံမှ သိရသည်။
အဆိုပါအမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲစခန်းတွင် အမှုဖွင့်အရေးယူထားခြင်းမရှိသေးကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
အခင်းဖြစ်ပွားခဲ့သည့်နေရာမှာ လောကာနန္ဒာစေတီတော်ရှေ့တွင် ဖြစ်ပြီး အဆိုပါနေရာတွင် LED မီးအလှပြပွဲကျင်းပနေသောကြောင့် လူမြင်ကွင်းတွင် အခင်းဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။