KNU မှ သတိပေးစာထုတ်ပြန်ပြီးနောက် ဖာပွန်မြို့အတွင်းမှ အရပ်ဘက်ဝန်ထမ်း ရာချီထွက်ခွာ

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော အရပ်ဖက်ဆိုင်ရာဌာနအသီးသီးမှဝန်ထမ်းများအားလုံး ဖာပွန်မြို့အတွင်းမှထွက်ခွာကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)မှ သတိပေးစာထုတ်ပြန်ပြီးနောက် အရပ်ဘက်ဝန်ထမ်း ရာနှင့်ချီထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

10 Feb 2022

Photo Credit- ကရင်အမျိုးသားအစည်းရုံး(KNU)
DMG ၊ ဖေဖော်ဝါရီ ၁၀
 
စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော အရပ်ဖက်ဆိုင်ရာဌာနအသီးသီးမှဝန်ထမ်းများအားလုံး ဖာပွန်မြို့အတွင်းမှထွက်ခွာကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)မှ သတိပေးစာထုတ်ပြန်ပြီးနောက် အရပ်ဘက်ဝန်ထမ်း ရာနှင့်ချီထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
 
ဖေဖေါ်ဝါရီလ ၉ ရက်နေ့အထိ ဖာပွန်မြို့မှထွက်ခွာသွားသည့် အရပ်ဖက်ဝန်ထမ်း ၁၃၀ ကျော်ရှိပြီဖြစ်ကာ အများစုမှာ အမျိုးသမီးဝန်ထမ်းများဖြစ်သည်ဟု KNU တပ်မဟာ(၅)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
"စစ်ကောင်စီလက်အောက်ခံဝန်ထမ်း ၁၀၀ နီးပါး ဖွာပွန်ခရိုင်ကနေထွက်ခွာသွားတယ်။ အမျိုးသမီးဝန်ထမ်းတွေက အများဆုံးဖြစ်ပါတယ်။ အမျိုးသားက ၆၂ ဦး၊ အမျိုးသမီးက ၇၄ ဦး၊ စုစုပေါင်း ၁၃၆ ဦးထွက်သွားတယ်လို့ ဒေသခံတွေကပြန်ပြောပြပါတယ်"ဟု ၎င်းဆိုသည်။
 
KNU တပ်မဟာ(၅)နယ်မြေဖြစ်သော ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ ဖာပွန်မြို့အတွင်းရှိ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော အရပ်ဖက်ဆိုင်ရာဌာနအသီးသီးမှဝန်ထမ်းများအားလုံး မိမိနေထိုင်ရာဒေသသို့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့အထိ နောက်ဆုံးထား၍ထွက်ခွာကြရန် သတိပေးစာထုတ်ပြန်ခဲ့သည်။
 
ထို့ပြင် မြို့ခံဝန်ထမ်းများမှလည်း စစ်ကောင်စီလက်အောက်ရှိဌာနများတွင် တာဝန်ထမ်းဆောင်ခြင်းမှရှောင်ရှားကြရန်နှင့် ထိုသို့ လိုက်နာခြင်းမရှိလျှင် ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း KNU တပ်မဟာ(၅)မှ သတိပေးထားသည်။
 
KNU တပ်မဟာ(၅)နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ မလည်ပတ်နိုင်ရန် ယင်းသို့ထုတ်ပြန်ခြင်းဖြစ်ကြောင်းဆိုသည်။
 
ထို့အပြင် KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်၊ ဖားအံမြို့နယ်အတွင်းမှလည်း စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသော နယ်ခြားစောင့်တပ်(BGF)များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ အရပ်ဖက်ဆိုင်ရာဌာနအသီးသီးမှဝန်ထမ်းများ တာဝန်မှနှုတ်ထွက်ကြရန်နှင့် နယ်ခြားစောင့်တပ်စခန်းတွင်နေထိုင်သောမိသားစုများလည်း စခန်းမှထွက်ခွာပေးကြရန်လည်း ဖေဖေါ်ဝါရီလ ၈ ရက်နေ့က ထုတ်ပြန်ထားသည်။
 
"အခုက တပ်မဟာနှစ်ခုပေါ့။ အခြားတပ်မဟာအလိုက် ထုတ်ပြန်သွားဖို့လည်းရှိနေပါတယ်"ဟု KNU တပ်မဟာ(၆)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
ယင်းသို့ထုတ်ပြန်ခြင်းသည် စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားကိုထိခိုက်စေပြီး ရေရှည်တွင် စစ်ကောင်စီ၏အုပ်ချုပ်ရေးကို ပိုမိုထိခိုက်မှုရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာသူ ကိုမင်းမှ သုံးသပ်သည်။
 
"အခုလိုသတိပေးစာထုတ်ပြန်နေခြင်းက စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရား လုံးဝပျက်သွားပြီဆိုတာ ပိုသိသာစေတယ်။ အချိန်ကြာလာတာနဲ့အမျှ စစ်ကောင်စီအနေနဲ့ လုံးဝကိုအဆင်မပြေစေတဲ့အခြေအနေအထိ ရောက်လာနိုင်ပါတယ်"ဟု ၎င်းကဆိုသည်။
 
ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်ရာနယ်မြေများတွင် လက်ရှိ စစ်ကောင်စီတပ်များနှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိနေသည်။