- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီဇယ်ဆီဈေးနှုန်း တဟုန်ထိုးမြင့်တက်လာပြီး ဓာတ်ဆီဈေးထက်ပိုများလာနေ
မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် ဒီဇယ်ဆီဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်လာနေပြီး ဓာတ်ဆီဈေးနှုန်းထက် ငွေကျပ်ငါးရာဝန်းကျင်ခန့် မြင့်တက်လာလျှက်ရှိကြောင်း သိရသည်။
26 Jun 2022
DMG ၊ ဇွန် ၂၆
မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် ဒီဇယ်ဆီဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်လာနေပြီး ဓာတ်ဆီဈေးနှုန်းထက် ငွေကျပ်ငါးရာဝန်းကျင်ခန့် မြင့်တက်လာလျှက်ရှိကြောင်း သိရသည်။
၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် ပရီမီယမ်ဒီဇယ် တစ်လီတာကို ၇ဝ၅ ကျပ်သာရှိခဲ့သော်လည်း လက်ရှိအချိန်တွင်မူ တစ်လီတာလျှင် ၂၈၀၀ ဝန်းကျင်အထိ ရောက်ရှိနေပြီဖြစ်သည်။
ယခုကဲ့သို့ ဒီဇယ်ဆီဈေးနှုန်းများမြင့်တက်လာခြင်းမှာ အာဏာသိမ်းပြီးနောက် မြန်မာငွေကျပ်တန်ဖိုးကျဆင်းကာ ငွေလဲနှုန်းမြင့်တက်လာမှုနှင့် ရုရှား - ယူကရိန်း စစ်ပွဲနောက်ဆက်တွဲအနေဖြင့် လောင်စာဆီဈေးနှုန်း မြင့်တက်လာခြင်း ဖြစ်ကြောင်း ဝါရင့်စီးပွားရေးလုပ်ငန်းရှင်ဦးခင်မောင်ကြီးကသုံးသပ်ပြောဆိုသည်။
“ဘာပဲဖြစ်ဖြစ် ဒီဇယ်ဆီဈေးနှုန်းကတော့ ထပ်ပြီးတော့လည်း မြင့်တက်နိုင်ချေရှိနေသေးတယ်။ နောက်ပြီး ဒီလိုမြင့်တက်လာတာနဲ့အမျှ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအရှုံးပေါ်ပြီးတော့ ကုန်ဈေးနှုန်းတွေလည်း ထပ်တက်လာနိုင်သေးတယ်။ ဒီတော့ ပုံမှန်အခြေအနေအတိုင်းဖြစ်ဖို့ဆိုရင် တိုင်းပြည်တည်ငြိမ်ဖို့က အဓိကလိုမယ်။ တိုင်းပြည်အေးချမ်းမှ စီးပွားရေးက ပြန်အဆင်ပြေမှာပါ ”ဟု ၎င်းက သုံးသပ်သည်။
လက်ရှိအချိန်တွင်လည်း ဒီဇယ်ဆီဈေးနှုန်းမြင့်တက်မှုကြောင့် ရေယာဉ်လိုင်းအချို့အရှုံးပေါ်ကာ အချို့သောရေယာဉ်လိုင်းများမှာလည်း အရင်းသာကာမိကြောင်း ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းမှ မန်နေဂျာ ဦးစံမော်သိန်းကဆိုသည်။
“အချို့လမ်းကြောင်းတွေဆိုရင် ရှုံးတယ်။ အချို့ကျတော့ အရင်းကာမိအောင် ဆီကိုချွေတာပြီး မောင်းရတယ်။ ဒီတော့ အရင်က နှစ်နာရီနဲ့ ရောက်တဲ့ခရီးက အခုဆိုရင် သုံးနာရီလောက်ကြာသွားတာပေါ့။ ကျွန်တော်တို့ကတော့ အများပြည်သူအဆင်ပြေအောင်လို့ ပြေးဆွဲပေးနေတာပါ ” ဟု ၎င်းကရှင်းပြသည်။
ထို့အပြင် ဒီဇယ်ဆီကိုအသုံးပြုကာ လုပ်ကိုင်နေရသည့် ရေလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့်လည်း အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း လုပ်ကိုင်နေကြရသူများက ဆိုသည်။ ယခင်က ဒီဇယ်ဆီ တစ်ပီပါလျှင် သုံးသိန်းကျပ်ခန့်သာရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ခြောက်သိန်းခန့်အထိ ပေးဝယ်နေရသည့်အတွက် လုပ်ငန်းလုပ်ကိုင်ရာတွင် အခက်ကြုံတွေ့နေရကြောင်း ရေလုပ်ငန်းလုပ်ကိုင်သူ ဦးသိန်းလှိုင်ချေကဆိုသည်။
“ဆီဈေးကတက်၊ ငါးပုဇွန်တွေကလည်းမရတော့ ငွေကအဆင်မပြေဘူး။ ငွေအဆင်မပြေလို့ နယ်ကအိမ်ကို မပြန်ဖြစ်တာ နှစ်လလောက်ရှိနေပြီ ” ဟု ၎င်းက ပြောသည်။
ထို့အပြင် ရေလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် ဒီဇယ်ဆီဈေးနှုန်းမြင့်တက်မှုကြောင့် ငါးဖမ်းထွက်သည့် အခေါက်ရေကိုလည်း ယခင်ထက်လျှော့ကာ ရှာဖွေနေရကြောင်း ရေလုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် လိုအပ်သည့်ဒီဇယ်ဆီကို စင်ကာပူနိုင်ငံမှ အဓိကဝယ်ယူနေရပြီး စင်ကာပူတွင်ဈေးတက်သည့်အတွက် ပြည်တွင်းတွင်လည်း ဈေးတက်ရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်စက်သုံးဆီလုပ်ငန်းရှင်များအသင်း(ယာယီ)မှ ဥက္ကဋ္ဌဖြစ်သူ ဦးသန်းလှိုင်က ဆိုသည်။
“စင်ကာပူမှာ ဓာတ်ဆီက တစ်ဒေါ်လာလောက်ပဲ အတက်အကျရှိတယ်။ ဒီဇယ်ဆီက ကျတော့ ၈ ဒေါ်လာနီးပါးတက်နေတယ်။ ဒါကြောင့် မြန်မာနိုင်ငံကိုရောက်တဲ့အခါ ဈေးတွေက တက်နေရတာပါ” ဟု ၎င်းကရှင်းပြသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ အစိုးရမှ တရားဝင်တင်သွင်းခွင့်ရရှိထားသောဆီဆိုင်များတွင် ဒီဇယ်ဆီတစ်လီတာလျှင် ၂၇၉၀ ကျော်အထိပေါက်ဈေးရှိနေပြီး ဝယ်ယူရာတွင် ကျေနပ်မှုမရှိပါက တိုင်ကြားနိုင်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတိပေးထုတ်ပြန်ထားသည်။