- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မိုးရက်ဆက်ရွာသွန်းမှုကြောင့် မြေပဲအပျက်အစီးများ
ယခုလအစောပိုင်းမှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် မြေပဲများ ပျက်စီးရှုံးဆုံးမှုများရှိနေကြောင်း မာန်အောင်မြို့နယ်မှ မြေပဲစိုက်တောင်သူများထံမှသိရသည်။
12 May 2022
DMG ၊ မေ ၁၂
ယခုလအစောပိုင်းမှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် မြေပဲများ ပျက်စီးရှုံးဆုံးမှုများရှိနေကြောင်း မာန်အောင်မြို့နယ်မှ မြေပဲစိုက်တောင်သူများထံမှသိရသည်။
ယခင်နှစ်က မိုးရွာသွန်းမှုရှိခဲ့သော်လည်း မြေပဲအပျက်အစီးနည်းခဲ့ပြီး ယခုနှစ်တွင် မိုးတာရှည်ရွာသွန်းနေမှုကြောင့် မြေပဲအပျက်အစီးများရှိနေသည်ဟု မာန်အောင်မြို့နယ်၊ ငပုကုန်းကျေးရွာမှ မြေပဲစိုက်တောင်သူ ကိုကျော်လွင်ကပြောသည်။
"မိုးက ဆက်တိုက်ဆိုသလိုရွာနေတော့ ပဲပင်တွေကိုနှုတ်လို့လဲမရဖြစ်နေတယ်။ ပြီးတော့ နှုတ်ပြီးသားမြေပဲဥတွေကိုလဲ နေလှန်းလို့လဲမရတော့ ရေစိမ်ပြီး အညှောင့်ဖောက်ထားသလိုဖြစ်နေတယ်။ တော်တော်အရှုံးများမဲ့အခြေနေရှိနေတယ်"ဟု ၎င်းကဆိုသည်။
ယခုနှစ်တွင် မြေပဲတစ်တင်းကို ငွေကျပ် ၂၂၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မြေပဲဈေးနှုန်းမှာ ယခင်နှစ်များထက် ဈေးကောင်းရရှိကြောင်း တောင်သူများကပြောသည်။
လက်ရှိမှာမိုးရွာသွန်းမှုကြောင့် မြေပဲများကို အချိန်မှန်မှန်နေလှန်းခြင်းမပြုလုပ်ရခြင်းကြောင့် ဈေးနိမ့်ဖြင့်ရောင်းချရမည်ဖြစ်သဖြင့် အရှုံးပေါ်မည်ကိုစိုးရိမ်နေရသည်ဟု နောက်ထပ်မြေပဲစိုက်တောင်သူ ဦးမောင်စောသိန်းကပြောသည်။
"ဒီနှစ်မြေပဲက ဈေးကောင်းတယ်။ ဒါပေမဲ့မိုးရွာတော့ မြေပဲပင်တွေရေမြုပ်နေကြတယ်။ နှုတ်လို့လဲမရဘူး။ နှုတ်လို့ရထားတဲ့ မြေပဲဥတွေကိုလဲ နေမလှန်းရဘူး။ ကျနော့်မှာဆိုရင် တစ်ဧကလောက်ရှိသေးတယ်။ မနှုတ်ရသေးတဲ့မြေပဲစိုက်ခင်းတွေ။ ပြီးတော့မိုးမိပြီး နေပူသေချာမလှန်းရတဲ့မြေပဲတွေက ဝယ်သူတွေက ယခင်ဈေးလောက်မပေးတော့ အရှုံးပေါ်မှာကိုစိုးရိမ်နေရတယ်"ဟု ၎င်းကဆိုသည်။
မာန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာအများအပြားတွင် နွေရာသီမြေပဲစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး နှစ်စဉ်မြေပဲဈေးကောင်းမရသည့်အတွက် မြေပဲစိုက်ပျိုးသူနည်းလာနေသည်။ ယခုနှစ်တွင် မြေပဲဈေးကောင်းရသော်လည်း ရာသီဥတုအခြေအနေကြောင့် အပျက်အစီးများကြောင်း မြေပဲစိုက်တောင်သူများကပြောဆိုသည်။