- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
သွေးထိုးလှုံ့ဆော်မှုများကြားမှ ရခိုင်နှင့် မွတ်ဆလင် ဆက်ဆံရေးအခြေအနေ
ကျောက်တော်မြို့နယ်တွင်ကျင်းပခဲ့သည့် ဘောလုံးပြိုင်ပွဲတွင် ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးများနှင့် အစ္စလာမ်ဘာသာဝင် မော်လဝီတို့ကို တန်းတူနေရာပေးပြီး တပြေးညီထိုင်ခွင့်ပေးခြင်း၊ ဆုချီးမြှင့်ခွင့်ပေးခြင်းတို့ကို တွေ့မြင်ရသည့်အတွက် များစွာဝမ်းသာရကြောင်း ယင်းမြို့နယ် မွတ်ဆလင်ရေးရာကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သူ မာဂျစ်ကပြောသည်။
10 Jan 2022
DMG ၊ ဇန်နဝါရီ ၁၀
ရခိုင်ပြည်နယ်က မြို့နယ်အချို့တွင် လူမျိုးရေးပဋိပက္ခကို ဦးတည်စေနိုင်သည့် ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်နေသည့်အချိန်တွင် ရခိုင်နှင့်မွတ်ဆလင်တို့ကြား ချစ်ကြည်ရေးဘောလုံးပွဲကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)မှ ဦးစီးကျင်းပခဲ့သည်။
အဆိုပါဘောလုံးပွဲကို ကျောက်တော်မြို့နယ်၊ ဗိုလ်မင်းကျေးရွာတွင် ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ဇန်နဝါရီလ ၁ ရက်နေ့ထိ ၁၄ ရက်ကြာကျင်းပခဲ့ပြီး ရခိုင်ဘောလုံးအသင်း ၄၃ သင်း၊ မွတ်ဆလင် ၁၄ သင်းအပါအဝင် မြို ၂ သင်း၊ ခမီ ၁ သင်း စုစုပေါင်းအသင်း ၅၈ သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း ကျောက်တော်မြို့နယ် မွတ်ဆလင်ရေးရာကော်မတီမှ သိရသည်။
(ULA)မှကျင်းပသည့် ချစ်ကြည်ရေးဘောလုံးပွဲသည် ရခိုင်-မွတ်ဆလင် နှစ်ဖက်အသိုင်းအဝိုင်းမှ ပဋိပက္ခဖြစ်မည်ကိုမလိုလားဘဲ သဟဇာတဖြစ်မြောက်ရေးကို လိုလားကြောင်း ပြသလိုက်ခြင်းဖြစ်သည်ဟု မွတ်ဆလင်ကျောင်းသားတစ်ဦးဖြစ်သူ ကိုဇော်မင်းထွန်းက ရှုမြင်သည်။
“ရခိုင်မှာဖြစ်ပေါ်လာနိုင်တဲ့ပြဿနာတစ်ခုကို ကြိုပြီးတားလိုက်သလိုမျိုးဖြစ်တယ်။ အခုဘောလုံးပွဲက ရခိုင်နဲ့ မွတ်လဆင်တွေကြားမှာ သဟဇာတကိုဦးတည်ပြီး လူတချို့ရဲ့(အဖျက်အမှောင့်)ကြိုးစားမှုကို မထောက်ခံဘူးလို့ ပြသလိုက်တာဖြစ်တယ်။ နောက်ပြီး သဟဇာတဖြစ်မြောက်ရေးအတွက် ကြိုးစားမယ်လို့ ပြသလိုက်ရာရောက်တယ်” ဟု ၎င်းကပြောသည်။
ကျောက်တော်မြို့နယ်တွင်ကျင်းပခဲ့သည့် ဘောလုံးပြိုင်ပွဲတွင် ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးများနှင့် အစ္စလာမ်ဘာသာဝင် မော်လဝီတို့ကို တန်းတူနေရာပေးပြီး တပြေးညီထိုင်ခွင့်ပေးခြင်း၊ ဆုချီးမြှင့်ခွင့်ပေးခြင်းတို့ကို တွေ့မြင်ရသည့်အတွက် များစွာဝမ်းသာရကြောင်း ယင်းမြို့နယ် မွတ်ဆလင်ရေးရာကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သူ မာဂျစ်ကပြောသည်။
“ကျနော်တို့ မွတ်ဆလင်လူမျိုး၊ ဘာသာရေးဆရာတွေ၊ မော်လဝီတွေကို (ULA)က အလေးထားပြီးတော့ နေရာပေးတာတွေ့ရတယ်။ နောက်ဆုချီးမြှင့်ခွင့်ပေးတာတွေ၊ ခုံတန်းတွေမှာ တခြားဗုဒ္ဓဘာသာဝင်ဘုန်းကြီးတွေနဲ့ တန်းတူထိုင်ခွင့်ရတယ်။ ဒါတွေက နောက်ဆိုရင်(ရခိုင်-မွတ်ဆလင်ဆက်ဆံရေးတွေ)က ဒီထက်မက တိုးတက်မယ်လို့မြင်တယ်” ဟု ၎င်းကဆိုသည်။
ကျောက်တော်မြို့နယ် မွတ်ဆလင်ရေးရာကော်မတီကို (ULA)မှ ဖွဲ့စည်းပေးထားခြင်းဖြစ်ပြီး မွတ်ဆလင် ကျေးရွာများတွင် ဖြစ်ပေါ်လာသည့်ပြဿနာများကို မွတ်ဆလင်များကိုယ်တိုင်ဆုံးဖြတ်ပြီး ဖြေရှင်းခွင့်များကို အပြည့်အဝရရှိထားကြောင်း ယင်းကော်မတီမှ သိရသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၏ အုပ်ချုပ်မှုအောက်တွင် ကျောက်တော်မြို့နယ်မှ မွတ်ဆလင်များအနေဖြင့် ယခင်ထက် လွတ်လပ်စွာသွားလာခွင့်များ ပိုပြီးရရှိလာသလို လုံခြုံမှုရှိသည်ဟုခံစားရကြောင်း ကျောက်တော် မြို့နယ်မှ မွတ်ဆလင်ဒေသခံများကပြောသည်။
တစ်ဖက်တွင် ရခိုင်မှ မြို့နယ်အချို့တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ထူးခြားဖြစ်စဉ်များကို ဆက်တိုက် တွေ့ရှိလာရသည့်အပြင် လူမျိုးရေးပဋိပက္ခကိုဦးတည်စေနိုင်သော ဖြစ်စဉ်များကိုပါ ဆက်တိုက်တွေ့ရှိရ၍ ဆင်ခြင်သတိထားကြရန် ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)မှ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် အသိပေးထုတ်ပြန်ခဲ့သည်။
ULA မှထုတ်ပြန်ပြီးနောက်တွင် မြောက်ဦးမြို့နယ်၌ နွားများဓားဖြင့်ခုတ်ခံရသည့်ဖြစ်စဉ်၊ ဘူးသီးတောင်မြို့တွင် မွတ်ဆလင်နှစ်ဦးပိုင်သည့် စပါးကောက်လိုင်းစည်းများ မီးရှို့ခံရသည့်ဖြစ်စဉ်နှင့် မောင်တောတွင် ထွေအုပ်ဝန်ထမ်းတစ်ဦး အသတ်ခံရသည့်ဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားခဲ့သည်။
ပဋိပက္ခများမဖြစ်စေရန်နှင့် သွေးထိုးလှုံ့ဆော်ခြင်းများကို နားမယောင်ကြရန် အသိပညာပေးခြင်းများကို မွတ်ဆလင်ကျေးရွာများတွင် (ULA)၏ဦးဆောင်မှုဖြင့် ဆောင်ရွက်ထားသလို ပဋိပက္ခထပ်မံဖြစ်ပွားမည်ကို မလိုလားကြောင်း ကျောက်တော်မြို့နယ် မွတ်ဆလင်ရေးရာကော်မတီအဖွဲ့ဝင် မူဟာမက်ရှာမာဒ်ကပြောသည်။
“ပဋိပက္ခဖြစ်လာမှာကို ကျနော်တို့မလိုလားဘူး။ ကျောက်တော်မြို့နယ်မှာ လွတ်လပ်စွာသွားခွင့်ရထားတဲ့ အခြေအနေကို ထပ်ပြီး ရခိုင်တစ်ပြည်လုံးအတိုင်းအတာအရ သွားခွင့်ရဖို့အခြေအနေကိုပဲလိုလားတယ်”ဟု သူကပြောသည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ကလည်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၊ မွတ်ဆလင်ကျောင်းသား၊ ကျောင်းသူများနှင့် ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)တို့မှ ရခိုင်က မြို့နယ်အချို့တွင် ဖြစ်ပွားနေသည့် သံသယဖြစ်ဖွယ်ရာဇဝတ်မှုများသည် ရက္ခိုင်ပြည်တည်ဆောက်ရေးကို အဟန့်အတားဖြစ်စေသည့် အဖျက်အမှောင့်လုပ်ရပ်များဖြစ်ကြောင်း ပူးတွဲသဘောထားထုတ်ပြန်ထားသည်။
၂၀၁၂ နှင့် ၂၀၁၇ ခုနှစ်တို့က ရခိုင်တွင်ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတို့ကြောင့် ရခိုင်နှင့် မွတ်ဆလင်တို့ကြားဆက်ဆံရေးသည် တင်းမာမှုရှိခဲ့သော်လည်း ရခိုင်တွင် ရက္ခိုင့်တပ်တော်မှ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို ဆောင်ရွက်လာသည့်အချိန်တွင် နှစ်ဖက်အသိုင်းအဝိုင်းကြား ဆက်ဆံရေးမှာ အဆင်ပြေလာသည့်အနေအထားကို တွေ့ရှိရကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်အမတ်ဟောင်း ဦးထွန်းသာစိန်က ပြောသည်။
“(ULA/AA)က ထိန်းချုပ်ပြီးနောက်ပိုင်းမှာ မွတ်ဆလင်နဲ့ ရခိုင်တွေရဲ့ဆက်ဆံရေးက တော်တော်လေး အဆင်ပြေနေပြီလို့ပြောရမယ်။ အရင်တုန်းက ရခိုင်ကျေးရွာတွေကို မွတ်ဆလင်တွေအနေနဲ့ ဝင်၊ထွက် သွားလာတာတွေမရှိဘူး။ အခုဆိုရင် မွတ်ဆလင်တွေက ရခိုင်ရွာတချို့ကို ဝင်ထွက်သွားလာနေတာတွေ ရှိတယ်။ နောက်တချို့မွတ်ဆလင်တွေဆိုရင်လည်း သူတို့ကိုင်းတွေကထွက်တဲ့သီးနှံတွေကိုလည်း ဈေးတွေမှာ လာရောင်းတာတွေ့ရတယ်”ဟု ၎င်းကပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မွတ်ဆလင်များကို (ULA /AA)၏ အုပ်ချုပ်ရေးဆိုင်ရာနေရာများနှင့် ရဲလုပ်ငန်းတို့တွင် ပါဝင်လာရန်စီစဉ်ထားကြောင်း AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၅ ရက်နေ့တွင် အာရက္ခမီဒီယာနှင့် အင်တာဗျုးအစီအစဉ်တွင် ပြောကြားထားသည်။
# R003