ဧရာဝတီဘဏ်ကို ငွေလာလွှဲသည့် အမျိုးသား၏ ငွေစက္ကူများထဲမှ ငွေအတုသုံးသိန်းကျော်တွေ့ရှိ

ရခိုင်ပြည် ၊ စစ်တွေမြို့ရှိ ဧရာဝတီဘဏ်တွင် ငွေလာလွဲသည့် အမျိုးသားတစ်ဦး၏ ငွေစက္ကူများထဲမှာ  ၁၀၀၀၀ကျပ်တန်ငွေတု သုံးသိန်းငါးသောင်းကျပ်ကို ဖမ်းဆီးရမိခဲ့ကြောင်း  ဇွန်လ ၂၁ရက်နေ့တွင် စစ်ကောင်စီ၏ သတင်းထုတ်ပြန်သောရခိုင့်နေ့စဉ် Facebook စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

22 Jun 2022

DMG | ဇွန် ၂၂

ရခိုင်ပြည် ၊ စစ်တွေမြို့ရှိ ဧရာဝတီဘဏ်တွင် ငွေလာလွဲသည့် အမျိုးသားတစ်ဦး၏ ငွေစက္ကူများထဲမှာ  ၁၀၀၀၀ကျပ်တန်ငွေတု သုံးသိန်းငါးသောင်းကျပ်ကို ဖမ်းဆီးရမိခဲ့ကြောင်း  ဇွန်လ ၂၁ရက်နေ့တွင် စစ်ကောင်စီ၏ သတင်းထုတ်ပြန်သောရခိုင့်နေ့စဉ် Facebook စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန် ၂၁ ရက်နေ့တွင် စစ်တွေမြို့၊ ရူပတောင်ရပ်ကွက်၊ လမ်းမကြီးလမ်း၊ အမှတ် (၁၇၆) ဧရာဝတီဘဏ်ခွဲသို့ စစ်တွေမြို့နယ် သဲချောင်းကျေးရွာနေ ဦးကျော်မြင့် ဆိုသူမှ  ရေစကြိုမြို့နယ်နေ ဦးတွတ် (L55 Shwe Hintha ကုမ္ပဏီ ) ၏ဘဏ်အကောင့်သို့ ထန်းလျက်ဖိုး ငွေကျပ်သိန်း ၁ဝဝ (တစ်သောင်းကျပ်တန်ရွက်ရေ ၁ဝဝဝ)လွှဲရန် လာရောက်ပေးသွင်းစဉ် ကျပ်တစ်သောင်းတန်ငွေကျပ် ၃၅ ရွက်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့နောက်  ဗဟိုဘဏ်၏ညွှန် ကြားချက်အရ လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ရန် ဘဏ်ခွဲတာဝန်ရှိသူမှ စစ်တွေမြို့မရဲစခန်း သို့သွားရောက်အပ်နှံခဲ့ကြောင်းနှင့် စစ်ဆေးမှုများအရ  ဦးကျော်မြင့်သည် သဲချောင်းယာယီဈေး၌ စားသောက်ကုန်များ လက္ကားရောင်းချရာမှ ပါလာသည့် ငွေစက္ကူများဖြစ်သည်ဟုသိရကြောင်း ထုတ်ပြန်ထားသည်။

ယခုကဲ့သို့တွေ့ရှိချက်အရ အဆိုပါငွေတုများမှာ တစ်ဘက် ဘင်္ဂလားဒေ့ရှ် နိုင်ငံနယ်စပ် (သို့မဟုတ်) တရားမဝင်ကုန်သွယ်မှုများမှတစ်ဆင့် ပြန့်ပွားလာခြင်းဖြစ်နိုင်ကြောင်း အမည်မဖော်လိုသည့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကဆိုသည်။

"နယ်စပ်မှာ ကုန်သွယ်ရင် ကာတာငွေအတု ၊ ဒေါ်လာအတုတွေကို ကျွန်တော်တို့ ကြုံဖူးတယ်။ ဒါကြောင့် အဲ့ဒီဘက်ကလည်းဖြစ်နိုင်တယ်။ နောက်တစ်ခုက တရားမဝင်ကုန်သွယ်မှုတွေမှာ တစ်ယောက်ကို တစ်ယောက် ဖျံကျဖို့ကြိုးစားရင်းနဲ့ ဒီငွေတုတွေ ဒီကိုရောက်လာတာလည်းဖြစ်နိုင်ပါတယ် "ဟု ၎င်းကဆိုသည်။

ထို့အပြင် ယခုကဲ့သို့ ငွေတုတွေ့ရှိမှုအပေါ်  တွေ့ရှိသည့်သူကို အရေးယူခြင်းထက် ငွေတု၏ဇစ်မြစ်ကို တာဝန်ရှိသူများမှ အဓိကလိုက်လံစုံစမ်းသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်အောင်ကပြောသည်။

"အဓိကကတော့ ဒီလူသာဒီငွေတွေကို ငွေတုမှန်းသိရင် သူဘဏ်ကိုလာအပ်ပါမလား။ သူမသိလို့သာလာအပ်ခဲ့တာလေ။ ဒီတော့ တာဝန်ရှိသူတွေအနေနဲ့ ဇစ်မြစ်ကို သေချာလိုက်ပြီးစုံစမ်းတာတွေ လုပ်ပေးစေလိုပါတယ်။ ငွေတသောင်းဆိုတာ မရှိတဲ့လူတွေအတွက် တရက်စာအရေးပါတဲ့အတွက် ဒီဇစ်မြစ်ကို ဖော်ထုတ်ရမှာပါ"ဟု ၎င်းက ရှင်းပြသည်။

ပြီးခဲ့သည့်လပိုင်းက Online ပေါ်တွင် ငွေတုများပြန့်နှံ့နေပြီဆိုသည့် သတင်းများကို ပြောဆိုမှုများ ကြားခဲ့ရသည့်အတွက် လက်ရှိတွင် ငွေတစ်သောင်းကျပ်နှင့်ငါးထောင်ကျပ်များကို အခေါက်ခေါက်အခါခါ စစ်ဆေးပြီးမှသာ လက်ခံရဲကြောင်း ဈေးရောင်းချသူတစ်ဦးဖြစ်သူ ဒေါ်စိုးစိုးမြင့်ကပြောသည်။

"ကျွန်မတို့က မရှိလို့ ဆိုင်ရောင်းရတာလေ ဒါကို ငွေအတုတွေပါလာရင် ဘယ်လိုလုပ်မလဲ။ ငွေတုပါလာခဲ့ရင်ဆိုတဲ့ စိတ်နဲ့ အကုန်လုံးကို စစ်ရတာပါပဲ။ ငွေကို စစ်ရတယ်ဆိုပေမယ့် မျက်စိနဲ့ပဲ စစ်ရတာဆိုတော့ ပါလာရင်လည်းပါလာမှာပေါ့ ”ဟု ၎င်းက ဆိုသည်။

လက်ရှိ၌ ငွေအတုရောင်းချသည်ဟုဆိုကာ လူမှုကွန်ယက်စာမျက်နှာ (Facebook)တွင် Page များဖြင့်တွင် တွင်ကျယ်ကျယ် ရောင်းချနေမှုများကို တွေ့မြင်နေရပြီး လွန်ခဲ့သည့်  စစ်တွေမြို့သို့ပို့ဆောင်မည့် ငွေများဟုဆိုကာ ဓာတ်ပုံများ ကိုတွေ့ရှိခဲ့ရပြီး ရခိုင်မှ လူအများအသုံးပြုလေ့ရှိသော Group များအထိ လိုက်လံကြော်ငြာမှုများရှိနေသည်ကိုတွေ့မြင်နေရသည်။

လက်ရှိဖမ်းဆီးထားသူနှင့်ပတ်သက်၍ စစ်တွေမြို့မရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိခဲ့ပေ။