- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကမ်းဝေးငါးဖမ်းလှေများကို ဧပြီလမှစတင်ကာ သုံးလတာငါးဖမ်းခွင့်ပိတ်
ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဧပြီ၊ မေ၊ ဇွန်လများကို ငါးမဖမ်းရရာသီအဖြစ်သတ်မှတ်လိုက်သောကြောင့် ကမ်းဝေးငါးဖမ်းလှေများအနေဖြင့် အဆိုပါသုံးလတာအတွင်း ငါးဖမ်းနိုင်မည်မဟုတ်ဟု ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
04 Apr 2022
DMG ၊ ဧပြီ ၄
ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဧပြီ၊ မေ၊ ဇွန်လများကို ငါးမဖမ်းရရာသီအဖြစ်သတ်မှတ်လိုက်သောကြောင့် ကမ်းဝေးငါးဖမ်းလှေများအနေဖြင့် အဆိုပါသုံးလတာအတွင်း ငါးဖမ်းနိုင်မည်မဟုတ်ဟု ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ယခင်နှစ်များတွင် ငါးမဖမ်းရရာသီကို မေ၊ ဇွန်၊ ဇူလိုင်လများကို သတ်မှတ်ခဲ့ရာမှ ယခုနှစ်တွင် ဧပြီလမှစတင်ကာဇွန်လအထိ သတ်မှတ်လိုက်ခြင်းဖြစ်သည်။ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် နိုင်ငံခြားမှ သုတေသနပညာရှင်များနှင့် မြန်မာ့ပင်လယ်ပြင်အတွင်း လှည့်လည်သုတေသနပြုလုပ်ခဲ့ရာ ယခင်နှစ်များက ငါးဖမ်းခွင့်ပိတ်သိမ်းသည့် ကာလထက်စော၍ ငါးသားပေါက် ပေါက်ဖွားမှုများကိုစစ်ဆေးတွေ့ရှိသောကြောင့် ယခုကဲ့သို့ တစ်လစော၍ပိတ်ရခြင်းဖြစ်သည်ဟု ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးသက်ဦးက DMG ပြောသည်။
“ရလာတဲ့အချက်အလက်အရ ကျနော်တို့ဌာနက ငါးဖမ်းခွင့်ပိတ်သိမ်းတဲ့ရာသီထက် ငါးတွေကဥချတာစောနေတယ်ဆိုတာကို တွေ့ရတယ်။ ဒါကြောင့် ကျနော်တို့ဥချတဲ့ရာသီ တားမြစ်တဲ့ကိစ္စနှင့်ပတ်သက်ပြီး ပြန်လည်ပြင်ဆင်ဖို့လိုတယ်ဆိုပြီး နေပြည်တော်မှာအစည်းအဝေးလုပ်တယ်။ လုပ်တဲ့အခါမှာ ရှုထောင့်အမျိုးမျိုးကဆွေးနွေးပြီး အားလုံးသဘောတူညီချက်အရ လက်ရှိမေ၊ ဇွန်၊ ဇူလိုင်ပိတ်တာထက် တစ်လစောပြီး ဧပြီကနေပိတ်မယ်ဆိုပြီး ဆုံးဖြတ်တယ်။ ဆိုတော့ ဧပြီ၊ မေ၊ ဇွန်ဆိုပြီးဖြစ်သွားတယ်”ဟု ၎င်းကဆိုသည်။
သို့သော်လည်း ဝါတန်း(ဝိုင်းချုပ်)၊ ကင်းမွန်၊ ကျားပိုက်နှင့် အင်္ဂလန်ကျားပိုက်ငါးဖမ်းလှေများသည် ဥချမည့်ငါးအမျိုးအစားကို ဖမ်းဆီးခြင်းမပြုလုပ်သည့်အတွက်ကြောင့် ထိုလှေများကို ဧပြီလတွင် ငါးဖမ်းခွင့်ပြုမည်ဖြစ်ကာ မေ၊ ဇွန်လများတွင်မူ ဖမ်းခွင့်မပြုတော့ဟု ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ထို့ပြင် ပင်လယ်ကမ်းခြေ ၁၀ မိုင်အတွင်းဘက် ကမ်းနီးငါးဖမ်းလှေများကိုလည်း ငါးဖမ်းခွင့် ဆက်လက်ပြုသွားမည်ဟုလည်း ဦးသက်ဦးကပြောသည်။
ရခိုင်ပြည်တွင် တရားဝင်ကမ်းဝေးငါးဖမ်းလှေအစီးရေ ၂၃၈ စီးနှင့် ကမ်းနီးငါးဖမ်းလှေအစီးရေ ၄ သောင်းခန့်ရှိသည်ဟု ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။