ထိုင်းနည်းပညာဖြင့် မောင်တောတွင် ငါးသားပေါက်မွေးမြူမည်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့သူကြီးရပ်ကွက်ရှိ တပိုင်တနိုင်ရေချိုငါးသားပေါက်စခန်းတွင် ထိုင်းနိုင်ငံမှ နည်းပညာအကူအညီဖြင့် ငါးသားပေါက်မွေးမြူရေးလုပ်ငန်းလုပ်ဆောင်မည်ဖြစ်ကြောင်း မောင်တောခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

By DMG 08 Jan 2022

DMG ၊ ဇန်နဝါရီ ၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့သူကြီးရပ်ကွက်ရှိ တပိုင်တနိုင်ရေချိုငါးသားပေါက်စခန်းတွင် ထိုင်းနိုင်ငံမှ နည်းပညာအကူအညီဖြင့် ငါးသားပေါက်မွေးမြူရေးလုပ်ငန်းလုပ်ဆောင်မည်ဖြစ်ကြောင်း မောင်တောခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ထိုမှရရှိမည့်ငါးသားပေါက်များကို မောင်တောမြို့နယ်၊ အောင်ဗလကျေးရွာတွင် မွေးမြူသွားမည်ဖြစ်ကြောင်း မောင်တောခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ခံ ဦးညီထွေးက DMG သို့ပြောသည်။

“စီမံကိန်းနဲ့ပတ်သက်ပြီးတော့ပေါ့နော် Tica နဲ့ ထိုင်းနိုင်ငံငါးလုပ်ငန်းဦးစီးနဲ့ ကျွန်တော်တို့ကို နည်းပညာပိုင်းမှာအကူအညီပေးသွားမယ်လို့ပြောတယ်။ အဲဒီတော့ ငါးသားပေါက်လုပ်ငန်းကို မြို့သူကြီး တစ်ပိုင်တစ်နိုင်ရေချိုငါးသားပေါက်စခန်းမှာ သားဖောက်ပြီးတော့ အောင်ဗလကျေးရွာမှာ မွေးမြူရေးလုပ်ငန်းလုပ်ဆောင်ဖို့စီစဉ်ထားတယ်”ဟု ၎င်းကဆိုသည်။

လတ်တလောတွင် ထိုင်းနိုင်ငံမှ နည်းပညာအကူအညီဖြင့် ငါးသားပေါက်လုပ်ငန်းလုပ်ဆောင်မည်ဆိုလျှင် မည်သည့်ငါးသားပေါက်အမျိုးအစားကို သားဖောက်မည်ကို မသိရသေးပေ။

အဆိုပါ ရေချိုငါးသားပေါက်များကိုမွေးမြူရန် အောင်ဗလကျေးရွာတွင် ငါးကန်များတူးဖော်သွားမည်ဖြစ်ပြီး ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများကို နည်းပညာများသင်ကြားပို့ချပေးမည်ဖြစ်ကြောင်း ဦးညီထွေးက ဆက်လက်ပြောကြားသည်။

မောင်တောခရိုင်အတွင်း ၂၀၂၀-၂၁ ခုနှစ်က မောင်တောမြို့၊ မြို့သူကြီး တစ်ပိုင်တစ်နိုင် ရေချိုငါးသားဖောက်စခန်းမှ အကောင်ရေ ၂ သိန်း ၁ သောင်းနှင့် ဘူးသီးတောမြို့နယ် ရေချိုးသားပေါက်စခန်းမှ အကောင်ရေ ၃ သိန်း ၅ သောင်းထုတ်နိုင်ခဲ့ကြောင်း မောင်တောခရိုင်ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းအရသိရသည်။

မောင်တောခရိုင်တွင် လက်ရှိသားဖောက်သည့် ငါးအမျိုးအစားများမှာ ငါးမြစ်ချင်း၊ ထိုင်းငါးခုံးမ၊ ရွှေဝါပဂျင်းတို့ဖြစ်ကြသည်။

ငါးမြစ်ချင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အများဆုံးတင်ပို့နေရကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှသိရသည်။