- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာရှိ နေအိမ်တစ်အိမ်မှ ရွှေထည်ပစ္စည်းအများအပြား ခိုးယူခံရ
ရခိုင်ပြည် မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာတွင် ရှိသည့် နေအိမ်တစ်အိမ်မှ ရွှေထည်ပစ္စည်းအမြောက်အများ ခိုးယူခံခဲ့ရကြောင်း ကာယကံရှင်များထံမှ စုံစမ်းသိရှိရသည်။
16 Mar 2022
DMG ၊R010
မတ် ၁၆ ၊စစ်တွေ
ရခိုင်ပြည် မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာတွင် ရှိသည့် နေအိမ်တစ်အိမ်မှ ရွှေထည်ပစ္စည်းအမြောက်အများ ခိုးယူခံခဲ့ရကြောင်း ကာယကံရှင်များထံမှ စုံစမ်းသိရှိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၅ရက် ည ၉နာရီဝန်းကျင်ခန့်တွင် တိန်ညိုစံပြကျေးရွာ ရွာသစ်ပိုင်းနေ ဒေါ်ခိုင်စိန်ဖြူတို့ မိသားစုမှာ ၎င်းတို့ပိုင်ဆိုင်သည့် ပျဉ်ထောင်နှစ်ထပ်အိမ်အတွင်း အိပ်ရာဝင်ခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ဖေဖော်ဝါရီ ၁၆ရက် နံနက် ၂နာရီခန့်တွင် နေအိမ်အပေါ်ထပ်တွင်အိပ်ပျော်နေသည့် သမီးဖြစ်သူ၏ ပိုက်ဆံစုဗူးကို ခိုးယူသူက ခိုးရန်ပြင်နေစဉ် သမီးဖြစ်သူ နိုးလာပြီး အော်ဟစ်အကူညီတောင်းခံခဲ့ရာ ခိုးယူသူမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ခိုးယူသူထွက်ပြေးပြီးနောက် နေအိမ်တွင် ပုံမှန်အနေအထားထက် ခြေရာလက်ရာပျက်နေသည့်အတွက် အိမ်တွင်ရှိသည့် အဖိုးတန်ပစ္စည်းများအား စစ်ဆေးရာ နေအိမ်အတွင်းမှ ကာလတန်ဖိုး ကျပ်သိန်း ၁၀၀ကျော်တန်ဖိုးရှိ ရွှေအခေါက် ၄ကျပ် ၃ မတ်၊ ပလက်တီနမ် နားဆွဲတစ်ရံ၊ နားကပ် တစ်ဖက်အပြင် ငွေကျပ် ၃၈ သိန်းမှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ကာယကံရှင် ဒေါ်ခိုင်စိန်ဖြူက ပြောသည်။
“အိမ်မှာ အိပ်နေတဲ့ လူတွေလည်းရှိပါတယ်။ ပစ္စည်းတွေကို အိတ်ထဲမှာ ထည့်ထားပြီး အိမ်ထဲခန်းမှာထား ထားတာပါ။ ကျမသမီးရဲ့စုဗူးကို ခိုးဖို့လုပ် တဲ့အခါ မှ သမီးက နိုးသွားလို့ညဉ့် ၂ နာရီလောက်မှာသိတာပါ။ ကျမတို့မှာ မရှိမဲ့ရှိမဲ့ စုပြီးတော့ ဝယ်ထားတာ။ အဲဒီသူခိုးက ဆိုင်ကယ်တွေကိုလည်း ခိုးဖို့အတွက် ဆိုင်ကယ်သော့တွေကိုပါ ယူထားပြီ။ ကျမတို့ကတော့ လုံးဝစိတ်မကောင်းပါဘူး။စုထားတဲ့ ပစ္စည်းတွေ အကုန်လုံး ယူသွား အကြွေ လေးကိုပဲ ချန်ထားခဲ့ပါတယ် “ဟု ဒေါ်ခိုင်စိန်ဖြူက ဆိုသည်။
နံနက် မိုးလင်းသည့်အချိန်တွင် ရက္ခိုင့်ပြည်သူ့ အာဏာပိုင်အဖွဲ့ ( ULA ) ကို တိုင်ကြားခဲ့ပြီး ယင်းအဖွဲ့တာဝန်ရှိသူများက လာရောက်စစ်ဆေးကာ စုံစမ်းစစ်ဆေးပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ဒေါ်ခိုင်စိန်ဖြူ မိသားစုမှာ အဝတ်ဆိုင်ရောင်းချပြီး လုပ်ကိုင်စားသောက်နေခြင်းဖြစ်သည့်အတွက် အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးရန်အတွက်လည်း တောင်းဆိုထားသည်။
အလားတူ မတ်လ ၁၅ ရက်နေ့ ညနေက ဝေသာလီကျေးရွာနေ ဦးမောင်ကြီးဖြူနှင့် ဦးမောင်အေးသန်း တို့နှစ်ဦးမှာ ကျေးရွာမှာ ၃ဖာလုံခန့်ဝေးသည့် တဲတွင် နွားအကောင်ရေ တစ်ဆယ်ကျော်ကို ပေါင်းပြီးချည်ထားရာခဲ့ရာမှ မတ် ၁၆ရက် နံနက်ပိုင်းတွင် နွား၂ကောင်အခိုးခံလိုက်ရသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာတာဝန်ခံ ဦးမောင်သိန်းထွန်း ကပြောဆိုသည်။
“သူတို့မှာ ဆုတောင်းပြည့်ဘုရားအနီးလယ်ပြင်တဲမှာ နှစ်ယောက်ပေါင်းပြီးတော့ နေ့တိုင်းလိုလို ချဉ်ထားတာပါ။ ညဦးပိုင်းလောက်ပဲ အဲဒီမှာ စောင့်အိပ်တယ်။ ပြီးရင်ရွာပြန်လာတယ်ပေါ့။ အဲဒီညနေ ကလည်း ဒီလိုပဲ ထားခဲ့တယ်။ မနက်ပိုင်းကြည့်တော့ နွားထီးတစ်ကောင် နွားမ တစ်ကောင်မရှိတော့ဘူး “ဟု ၎င်းက ဆိုသည်။
ပျောက်ဆုံးသွားသည့် နွားနှစ်ကောင်ကို ရောင်းမည်ဆိုလျင် လက်ရှိပေါက်ဈေးမှာ ငွေကျပ် ၁၅သိန်းကျင်ခန့်ရှိပြီး အဆိုပါခိုးယူခံရသည့်ကိစ္စနှင့်ပတ်သက်၍ ကျေးရွာတာဝန်ခံများနှင့် ULA တာဝန်ရှိသူများကို တိုင်ကြားထားကြောင်း သိရသည်။
တိန်ညိုစံပြကျေးရွာတွင် ပြီးခဲ့သည့်လပိုင်းအတွင်း ဖုန်းအရောင်းဆိုင်များအတွင်းမှ ဖုန်းများ၊ ပိုက်ဆံများ ခိုးယူခံရမှုရှိကြောင်းသိရသည်။