ရွှေဈေးနှုန်း စံချိန်တင်မြင့်တက်နေမှုကြောင့် ရွှေပန်းထိမ်လုပ်ငန်းအချို့ ရပ်နားထားရ

အခေါက်ရွှေ (၁၆)ပဲတစ်ကျပ်သားကို ငွေကျပ် ၂၃ သိန်းအထိ စံချိန်တင်ဈေးမြင့်တက်ခဲ့မှုကြောင့် ရွှေပန်းထိမ်လုပ်ငန်းအချို့မှာ အလုပ်ရပ်နားထားရကြောင်း စုံစမ်းသိရှိရသည်။

31 Jul 2022

DMG ၊ ဇူလိုင် ၃၁

အခေါက်ရွှေ (၁၆)ပဲတစ်ကျပ်သားကို ငွေကျပ် ၂၃ သိန်းအထိ စံချိန်တင်ဈေးမြင့်တက်ခဲ့မှုကြောင့် ရွှေပန်းထိမ်လုပ်ငန်းအချို့မှာ အလုပ်ရပ်နားထားရကြောင်း စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် ရွှေဈေး တစ်ဟုန်ထိုးမြင့်တက်ခဲ့မှုကြောင့် ရွှေအရောင်းအဝယ်ထိုင်းခြင်း၊ ရွှေလာအပ်သူနည်းခြင်းတို့ကို ကြုံတွေ့နေရသည်ဟု ရွှေပန်းထိမ်လုပ်ငန်းရှင်များကပြောသည်။

“ရွှေဈေးတက်တော့ ရွှေထည်လာအပ်တဲ့သူတွေ မရှိသလောက်နည်းတယ်။ ရွှေထည်လာအပ်သူမရှိရင် ရွှေပန်းထိမ်လုပ်သူတွေတွက် အဆင်မပြေဘူးပေါ့။ အဲဒီတော့ ရွှေပန်းထိမ်လုပ်တာနားပြီး တခြားလုပ်ငန်း ပြောင်းလုပ်သွားကြတာတွေလည်းရှိပါတယ်”ဟု ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပွင့်သစ်စရွှေဆိုင်ပိုင်ရှင် ဦးသာထွီးစိန်က DMG သို့ပြောသည်။

ရွှေဈေးမှာ ပြီးခဲ့သည့်ဇူလိုင်လ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တို့တွင် အခေါက်ရွှေ(၁၆)ပဲတစ်ကျပ်သားကို ငွေကျပ် ၂၃ သိန်းအထိမြင့်တက်ခဲ့သည်။ ယခုဇူလိုင်လ ၃၀ ရက်နေ့အထိ အခေါက်ရွှေ (၁၆)ပဲ တစ်ကျပ်သားကို ငွေကျပ် ၂၂ သိန်း ၉ သောင်းအထိ မြင့်တက်နေဆဲဖြစ်ကြောင်း ရွှေဆိုင်များမှသိရသည်။

စစ်ကောင်စီက အခေါက်ရွှေ(၁၆)ပဲ တစ်ကျပ်သားကို ငွေကျပ် ၂၀ သိန်း ၆ သောင်းဟု သတ်မှတ်ပေးထားသော်လည်း ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်း ဆက်တိုက်မြင့်တက်နေဆဲဖြစ်ကြောင်း ရွှေဆိုင်ပိုင်ရှင်များက ပြောဆိုကြသည်။

“ရွှေဈေးကို အစိုးရက ၂၀ သိန်း ၆ သောင်းတော့ သတ်မှတ်ပေးထားတယ်။ ဒါပေမယ့် အဲဈေးနဲ့ တစ်ယောက်မှလည်း မရောင်းကြဘူး။ဝယ်လည်းမရဘူး။ အရင်ကလို ရွှေဈေးကိုလိုင်းပေါ်ကကြည့်ပြီး ရောင်းလို့လည်းမရတော့ဘူး။ ဒိုင်တွေကို ဒီနေ့ပေါက်ဈေးဘယ်လောက်လည်း လိုက်မေးပြီးတွက်ရောင်းရတယ်”ဟု အမည်မဖော်လိုသည့် ရွှေဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

ရွှေဈေးမြင့်တက်လာမှုကြောင့် ရွှေဆိုင်များတွင် ရောင်းအားကျဆင်းသွားကာ ရွှေပေါင်နှံသူပိုများလာနေကြောင်းလည်း ရွှေဆိုင်ပိုင်ရှင်များထံမှ သိရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဒေါ်လာဈေး၊ စက်သုံးဆီဈေးအပါအဝင် အိမ်ဆောက်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းဈေးနှုန်းများမှာ တစ်စစမြင့်တက်နေမှုကြောင့် အခြေခံလူတန်းစားများမှာ အခက်အခဲကြုံနေကြရကြောင်း သိရသည်။